(နေမ၀င် ဧဒင်)
ဧဒင်ဥယျာဉ် ၊ ပန်းတော်ဝင်
ချစ်ခင်နောင်ရင်း ၊ မိတ်ဖွဲ့ခြင်း
ဂုဏ်ဝင်းတောက်တောက် ၊ ကဗျာရောက်
ရောက်သလေလေ့ ရောက်သလေ့ ။
ကဗျာချစ်သူ ၊ များထိုလူ
တစ်အူထုံဆင်း ၊ ပေါင်းဖက်နှင်း
ချစ်တင်းတူလျှောက် ၊ ခရီးပေါက်
ပေါက်သလေလေ့ ပေါက်သလေ့ ။
ကဗျာဝန်ထမ်း ၊ ကိုယ်စီလမ်း
သက်တန်းရှည်ကြာ ၊ ဒီ(သည်)နေရာ
ချိန်ခါလွန်မြောက် ၊ မှန်မှန်လျှောက်
လျှောက်သလေလေ့ လျှောက်သလေ့ ။
စိတ်ချမ်းသာကိုယ်အေး...
လိုလေသေးမရှိကြပါစေနှင့် ။
ညီသုတ(ပြည်)
8/12/2012
12း42 pm
Wednesday, September 12, 2012
"၀ဲရိုက် ၀ဲသွင်း" မေတ္တာပို့ကဗျာ
ဧဒင်လှ ၊ မြမြသွေး ၊ ချွေးချင်းမွှေး ၊ သွေးချင်းဆက်
လက်လှမ်းကူ ၊ လူမှုဆောင် ၊ အောင်မြင်ရေး ၊ နှေးမကြာ ၊
မာပါစေ ၊ ဝေနေယျ ၊ ရစေသား ၊ များမေတ္တာ ၊
ရာထောင်ပေါင်း ၊ သောင်းဂဏန်း ၊ လန်းကြစေ ၊ ဇေယတု ၊
ခု ချိန်ခါ ၊ သာစေကြောင်း ၊ တောင်းဆုခြွေ ၊ ဝေတဲ့နှင်း ၊
ယင်းပမာ ၊ ကာယ ပါ ၊ ဥာဏရော ၊ ဟောတု စေ ၊
နေတစ်စင်း ၊ လင်းအသွင် ၊ မြင်အမြဲ ၊ ထဲဘ၀င် ၊
ရွှင်မနော ၊ ရောဂါစင် ၊ ခင်မင်မှု ၊ ရှုပါသည် ၊
(အီ) ဖေကိုယ် ၊ လိုတ ရာ ၊ ဗျာပါလွင့် ၊ တင့်စေသား ၊
ထားမေတ္တာ ၊ ခါခါပို့ ။ ။
အထူးဝန်ခံချက် ။ ။ကျွန်တော်ယ္ခုရေးထားသော ၀ဲရိုက် ၀ဲသွင်းကဗျာအမျိုး
အစားသည် ၊ အလွန်ခက်ခဲလှသဖြင့် ပြီးပြည့်စုံသည်ဟု(၀ါ)မှန်သည်ဟုတရားသေ
မယူဆသင့်ပါ....တက်နိုင်သလောက်တူအောင် ဖန်တီးထားခြင်းမျှသာဖြစ်ပါသည် ။
ကျွန်တော့်အနေဖြင့်ထိုကဗျာအားရေးသာရေးလိုက်ရသည် ၊ ခဲယင်းလွန်းသဖြင့်
အတော်အားထုပ်ခဲ့ရပါသည် ။ အကယ်တန္တု ပညာဥာဏ်ရင့်သူတို့ဖတ်မိခဲ့ပါက
ကျွန်တော့်အားလိုအပ်သလိုထောက်ပြပေးပါက အလွန်ကျေးဇူးတင်မိမှာပါ ။
ယ္ခုကဗျာအမျိုးအစားအား ပထဦးစွာရေးသားခြင်းဖြစ်ပါသဖြင့် ဒေါသတစ်ခုခု
သင့်ခဲ့ပါက ကျွန်တော်၏ ပညာမပြည့်ဝမှုသာဖြစ်ပါကြောင်း....လေးစားစွာ
မေတ္တာရပ်ခံပါသည် ခင်ဗျာ...။
ညီသုတ(ပြည်)
9/12/2011
07း50 am

နန်းထိုက်ပါသည့် ရွှေမြေသစ်တော
နန်းထိုက်ပါသည့် ရွှေမြေသစ်တော
(လေးချိုးမျိုး " မြင်းပေါ်သံ " ကဗျာ)
တောင်တရိုးပေါ်က ၊ ရောင်ညှိုးသစ်အင် ။
ပီလောပီနံဘောင်တို့ ၊ မျက်တောင်ကျွတ်ချင်လု ၊ ဆန်းခုဘ၀င် ။
တော်မ၀င်သည် ၊ ပေါ်ပင်ဒီခေတ် ၊ လော်လီနစ်၍ ၊ သစ်တို့လျှင်
တော်ဝင်နန်းထိုက်နှင့်ဝေးသေး ။
အကြံရယ်လေညစ် ၊ မွေသိ ပြစ်ပယ် ၊ သွေလှစ်ပျယ်ငိုငို ၊ မြန်တခိုက ၊
အလို တို့နောင် ၊ ရှေးမွေကိုဆောင်ပါ့မယ် ၊ မြင်ယောင်ဖြင့် စဉ်လာကို ၊
ရောင်ရှိန်ဝါ မြန်ပြေကျော်မှ ၊ မှန်လှဲ့ကွဲ့လေး ။ ။
မှတ်ချက် ။ ။ ၂၀၀၇ ခုနှစ် တွင် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှ တနိုင်းမြို့သို့
ကားလမ်းခရီးဖြင့်သွားခဲ့စဉ်က ၊ ယုဇန ကုမ္ပဏီ မှ သစ်တောဧက (၂၀၀၀၀) ကျော်အား
ခုတ်ထွင်ရှင်းလင်း၍ ပီလောပီနံများ စိုက်ပျိုးထားသည်ကို မြင်တွေ့ခဲ့ရ၍ ခံစားရေးဖွဲ့ မိ
ပါသည် ။ ။
ညီသုတ(ပြည်)
14/12/2011
193း0 pm

ကဗျာချစ်သူတို့၏ စည်းလုံးခြင်းပြ " သံချပ် " များ
ကဗျာဖတ်ဘို့ ရောက်လို့လာ - ကဗျာရှိရာ လာစို့- ၀င်စို့။
ကလောင်စွမ်းများ စုံလင်စွာ - ဘုံတစ်ခွင်မှာနှံ့သိကျော်လို့ ။
ကဗျာချစ်သူ များဗိုလ်လူ - ၀ါသနာတူ တွေ့ရတာပဲ ။
ရှေးရေစက်ကြောင့် ဆုံရတယ် - သည်ဥယျာဉ်ဝယ် - မှေးမှိတ်ကြစို့ ။
ညီကိုမောင်ရင်း ချစ်ကြပါ - မေတ္တာထားတာ ကောင်းကြတာပဲ ။
ပြစ်မြင်ထောက်ပြ ဆုံးမရှာ - ကြီးသသူမှာ ကျင့်ဝတ်ပါလိမ့် ။
ငယ်သူများက ရိုသေကာ - လောကပါလာ ကျင့်ဝတ် ကျင့်စို့ ။
ရွယ်တူချင်း ချင်း လေးစားပါ - ဗုဒ္ဓဘာသာ ရှေးထုံးပါဗျို့ ။
ပန်းတိုင်များနှင့် ခေတ်သစ်ဆီ - တက်ပေါင်းညီညီ လှော်စို့ - ခတ်စို့ ။
(ဟေ့ စိန်လား - ဟေ့ မြလား )
ဟေ့ လာ မောင်ရို့ - ၀ါး )
သံချပ်ထိုးနည်း
အတိုင် (တယောက်)
"ကဗျာဖတ်ဘို့ ရောက်လို့လာ "
အဖောက် (အများ )
" ကဗျာရှိရာ လာစို့ - ၀င်စို့ "
အတိုင် (တယောက်)
" ကဗျာရှိရာ လာစို့ - ၀င်စို့ "
အဖောက် (အများ)
" ကဗျာဖတ်ဘို့ ရောက်လို့လာဗျ...."
စသည်အားဖြင့် ဆက်ဆိုပါ...
အဆုံး၌...ဟေ့လာမောင်ရို့...၀ါး ။
ညီသုတ(ပြည်)
25/12/2011
am 8;25

နား သောတ ဆင်ပါ
ကိုယ့်သေတွင်း ကိုယ်မသိသမျှ
စကားလုံးခပ်နုပ်နုပ်တွေကြား သာယာ ။
မုသားကို ဖားလျားချထားမှလုံခြုံသူအတွက်
စကားရဲ့ ဘာသာဗေဒဟာ
ရာဇ၀င်အူပေါက်
မျက်နှာထက်က ချိုမြိန်မှုတွေက
နွေသစ်ရွက်
ခင်ဗျားရဲ့ယုံကြည်ချက်ကို
ဘယ်ဘုရားထံမှာမှ မတောင်းခံပါနဲ့ ။
ကိုယ့်မိုက်ရူးရဲအတွက်
သူများရင်ဘက်ကိုနှိုက်စားနေကြပုံများ
မမြင်ဝံ့စရာ
ဦးနှောက်တိုင်းမှာတော့ ရတနာသိုက်ပါလာပြီးသားပါ
ခင်ဗျားကိုယ် ခင်ဗျား တစ်ခါသုံးဘောပင်လို သဘောထားရင်
ကျုပ်ရင်ဘက်ကိုတော့ မငှားနိုင်သေးဘူး
ကဲ....ကျုပ်မလည်း အချိန်မရှိဘူး
မလိမ္မာတဲ့ နားတစ်စုံကိုတော့ထားလိုက်တော့
နှလုံးသားအာဟာရပြည့်မှီဘို့ရာ
ခုကစပြီး
နားစွံ့ထားလိုက်ပါ ။
ညီသုတ(ပြည်)
28/12/2011
pm-19;53

သုံးဆယ်ကျော် လူရွယ်တစ်ယောက်၏ ဘ၀တွေ့ရှိချက်
မြို့ပြယဉ်ကျေးမှုဆီ စိမ့်ဝင်ကတည်းက
ရွာရနံ့နဲ့ဝေးလွင့်
ဘ၀ဟာ အတိတ်နဲ့လေးလံနေရုံနဲ့
ဗလာနယ်ရဲ့ အလှနဲ့မနီးစပ်နိုင်ဘူး ။
ကျုပ်က ကမ္ဘာ့နိုင်ငံရေးထက်
မာသာထရီဇာကိုစိတ်ဝင်စားသူ
ကျုပ်ညီတစ်ယောက် သူ့ကိုယ်သူအဂ္ဂိရတ်ထိုးသတဲ့
ကျုပ်စဉ်းစားရင်း ၀ဲဘက်ကဦးနှောက်တစ်ခြမ်း မီးတောက်ခမန်း ။
လူဟာ ဘာမှမတက်ရင် ဘာမှလုပ်လို့မရဘူး
ကျုပ်ကိုယ်ကျုပ်ပဋိပု စ္ဆာ ဗျာကရဏ လုပ်မိတယ်
" သစ်လွင်" လို့ကျုပ်နာမည် ခေါ်တိုင်း
ပညတ်နဲ့ ဓါတ်သက် နရီစည်းဝါး လွဲချော်နေနိုင်တယ် ။
ဘာသာစကားစွဲတွေ ရှိနေသမျှ အတ္တမပြုတ်ဘူး ။
ကျုပ်ကိုယ်တိုင်အလေးလံဆုံးဝန်ထုပ်ကြီးပါ
ကျုပ်မှာသက်လုံ မပြည့်ဝတော့ ခင်ဗျားကို မချီပိုးနိုင်ပါဘူး
ဟုတ်ကဲ့...
ကိုယ့်အတ္ထုပ္ပတ္တိ ကိုယ်တိုင်ရေးလျှင် ခင်ဗျား မညာပါနဲ့ ။
ညီသုတ(ပြည်)
31/12/2011
pm- 17;39
pyay

Tags: ကိုယ်ပိုင်ကဗျာ
ကဗျာခရီး ခြေချမိခြင်း
"ကဗျာခရီး ခြေချမိခြင်း "
မည်သည့်အရာ ၊ မဆိုသာတည့်
သူ့မှာကိုယ့်မှာ ၊ အလှသာတည့် ။
သဘာဝလျှင်
အလှကိုယ်စီ ၊ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏....
(ဖြူတင်)
အရာရာတိုင်းမှာ အလှကိုယ်စီ ရှိနေတယ်ဆိုရင် ကဗျာတိုင်းမှာလည်း အလှကိုယ်စီရှိနေမှာအမှန်မှာ ။
ရှေးကဗျာတွေမှာလည်း အလှရှိပါတယ် ခေတ်ကဗျာတွေမှာလည်း အလှရှိပါတယ် ။ (မင်းလှညွန်ကြူး -ကဗျာ
အလှရှာပုံတော် )
ကျွန်တော် ဒီရက်ပိုင်းတွေမှာ ကဗျာရေးချင်နေသည့်ချဉ်ချင်းတပ်နေမိပါတယ် ။ ဘာအကြောင်းရေး
ရမည် ဘယ်လိုကဗျာမျိုးရေးရမည်မှန်းကျွန်တော် စိတ်ကူးကြည့်လို့မရပါ ၊ ရေးချင်နေတာပဲသိပါသည် ။
ထို့ကြောင့် ကဗျာတွေ လိုက်ဖတ်ကြည့်မိသည် လစဉ်ထုတ် မဂ္ဂဇင်းများမှကဗျာများဖတ်သည် အွန်လိုင်းပေါ်မှ
နာမည်ပေါက်ကဗျာဆရာတို့၏ကဗျာများဖတ်သည် ။ ကဗျာမျိုးစုံ ရသမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံ၊ ရသမျိုးစုံကို
ရောနှောပေါင်းစပ်ထားသော ဟင်းလေးအိုး ကိုမြည်းစမ်းရသကဲ့သို့ ခံစားရပါသည် ။
ကဗျာရေးသူရဲ့ ခံစားချက်ကို ကဗျာဖတ်သူရင်ထဲရောက်အောင် ပို့ဆောင်ရာမှာ အရေးဘာသာစကား ၊
အပြောဘာသာစကား နှစ်မျိုးဖြင့် ပို့ဆောင်ကြရပါသည် ။ ကျွန်တော်အပါအ၀င် ဒီနေ့ခေတ်ရဲ့ ကဗျာရေးသူတိုင်း
ဟာ အပြောဘာသာစကားနဲ့ စာဖတ်သူရဲ့ရင်ထဲကို ထဲထဲဝင်ဝင်ရောက်အောင် ပို့ဆောင်နေကြတာကိုတွေ့ရပါတယ် ။
အပြောဘာသာစကား ရဲ့သံစဉ်ဟာ နေ့စဉ်နေ့တိုင်း ကြားနေကြဖြစ်တဲ့ သံစဉ်တွေဖြစ်နေတော့ ကဗျာဖတ်သူနဲ့ စိမ်း
မနေတာအမှန်ပါပဲ ။ ကဗျာတစ်ပုဒ်ကို ကဗျာဖတ်သူရဲ့ ရင်ထဲကိုအရောက်ပို့ဆောင်ရာမှာ ထိုကဗျာရဲ့ ဘာသာစကား
အသံတစ်ခုတည်းနဲ့လည်းမပြည့်စုံပြန်ပါဘူး ကဗျာရေးသူရဲ့အကြောင်းအရာ ၊ ခံစားပုံ ၊ အဲ့ဒီခံစားပုံကို ကဗျာရေးသူကဖွဲ့
စည်းတင်ပြပုံ အစရှိတဲ့ ကဗျာတစ်ပုဒ်လုံးရဲ့အနှစ်သာရဟာလဲ အရေးကြီးပါတယ် ။
ပြောင်းလဲလာသော ခေတ်နှင့်အညီ ရေးဖွဲ့မှုပုံစံပြောင်းလဲလာကြပါသည် ၊ ခေတ်ကဗျာတစ်ပုဒ်ဟာ လူမှုပတ်
ဝန်းကျင်ရဲ့ နိစ္စဓူဝ အငွေ့အသက်များပါသင့်ပါသည် ၊ ကဗျာတစ်ပုဒ်တွင်ပါသော အသံ ထိုအသံတို့၏ရုန်းကြွမှုအင်အား
ခေတ်၏ အငွေ့အသက် တို့ပါသော ကဗျာမျိုးသာလျှင် စာဖတ်သူအပေါ်ဆွဲဆောင်နိုင်သော အကျိုးကိုဖြစ်ထွန်းစေသော
ကဗျာဖြစ်မည်ထင်ပါသည် ။ ကဗျာတစ်ပုဒ်ဖြစ်စေ စာတစ်ပုဒ်ဖြစ်စေ စာရေးသူ(ကဗျာဆရာ)၏ စာပေသြဇာပြန့်နှံ့မှု
သည် ထိုသူရေးသော အကြောင်းအရာ အမျိုးအစား စေတနာ စသည်တို့ကိုအခြေခံသည် ။
အွန်လိုင်းယဉ်ကျေးမှုထွန်းကားလာသော ယနေ့ခေတ်တွင် ကဗျာဖတ်သူထက် ကဗျာရေးသူပိုများလာသည်ဟု
ကျွန်တော်ထင်မြင်မိပါသည် ။ ဆိုဒ်များအတွင်း ၀င်ရောက်လာသော မန်ဘာအများစုတွင် 65%သည် ကဗျာ စိတ်ပါဝင်စား
သူများဖြစ်ကြသည်ကိုတွေ့မြင်နေရသည် ။ ထိုမန်ဘာများတွင်လည်း ကဗျာရေးသူ ၊ ဖတ်သူ ၊ ရေး ဖတ်သူ အားဖြင့် သုံး
စုကွဲပြန်သည် ။ ၄င်း အုပ်စုသုံးစုတွင် တိုင်ပင်ညှိနှိုင်းထားခြင်းမရှိသော တူညီမှုတစ်ရပ်ကိုတွေ့ရပြန်သည် ၊ ၄င်းမှာ
အချင်းချင်းအပြန်ပြန်အလှန်လှန် နားလည်မှုရှိခြင်း ၊ အားပေးကူညီခြင်း ၊ ကောင်းသည်ဆိုးသည်ဟုပြတ်သားစွာဝေဖန်
ထောက်မပြပဲ ကောင်းသည်ဟုသာချီးမွန်းနေကြခြင်း ၊ ထိုသို့ ကောင်းသည်ဟုချီးမွန်းခြင်း၌ သာယာ၍ လေ့လာမှုအားနဲ
ပြီး ကဗျာတစ်ပုဒ်ကို ထဲထဲဝင်ဝင် ဖတ်မကြည့် တွေးခေါ်မှုမပြုပဲ ကောင်းသည်ဟုသာ ကွန်မန့်ပေးခြင်း စသည့်အချက်များ
မှာ တိုင်ပင်ထားခြင်းမရှိပဲ တူညီနေကြသည် ။
အထက်ဖော်ပြခဲ့သော အချက်အလက်များတွင် အားပေးကူညီမှု ၊ အတူတကွနားလည်မှု တို့မှာ ကျေနပ်
ဝမ်းမြောက်စရာများဖြစ်သော်လည်း ၊ ကဗျာတစ်ပုဒ်၏ ဆိုလိုရင်းအနှစ်သာရကို မြင်အောင်ကြည့် သိအောင်မလုပ်လိုပဲ
" သူ့ ကဗျာကွန်မန့်ပေးမှ ငါ့ကဗျာကွန့်ပြန်ပေးမည် " ထို့ကြောင့် ကောင်းပါတယ်ဆက်ရေးပါ ၊ ကဗျာကောင်းလေးတစ်
ပုဒ်ပါ ၊ စသည်စသည့် ကွန်မန့်များ မှာ ကဗျာရေးသူတိုင်း ဖတ်သူတိုင်၏ စာပေအဆင့်အတန်းကိုတက်ရောက်သော
လှေကားတွင် မခိုင်မမြဲ ယိုင်လဲလဲနှင့် အထစ်ချော်နေသကဲ့သို့သာဖြစ်လိမ့်မည် ။
ထို့ကြောင့် ကဗျာနှင့် ကဗျာအကြောင်းအရာအချက်အလက်တို့ကိုချည်းကပ်ရာတွင် ခေတ်၏အတွေးအခေါ်
ခံစားပုံအငွေ့အသက်တို့နှင့် ၊ ကဗျာသည် လူသားမျိုးနွယ်တရပ်လုံး၏ လူမှုသုခ ဒုက္ခစသည်များကို ပြောပြ(လမ်းပြ)
ပေးနိုင်သော လောကအလှဆင်သည့် စာပေရတနာတပါး ဖြစ်ပါစေကြောင်းရည်ရွယ်ချက် ထားစေလိုပါသည် ။
(မှတ်ချက် ) ကျွန်တော့်အယူအဆများ မှားယွင်းခဲ့သော် ကျွန်တော့်၌သာတာဝန်ရှိပါသောကြောင့် ကျွန်တော်နှင့်
လွတ်လပ်စွာ သဘောထား တစုံတစ်ရာ ကွဲလွဲနိုင်ပါသည် ။
ကဗျာသမားများအတွက်ရည်ရွယ်သည့်အတွက်ကြောင့် ကဗျာချစ်သူတွင်တင်လိုက်ပါသည် ။ အကယ်၍
တာဝန်ခံများအနေဖြင့် ကြိုက်နှစ်သက်မှု မရှိပါက ဖျက်ပြစ်နိုင်ပါသည် ။
ညီသုတ(ပြည်)
29/4/2012
16း06
pyay
ကိုယ်ပိုင်ပို့စ်

Subscribe to:
Comments (Atom)