Wednesday, September 12, 2012

ဂုဏပူဇာ ပိုက်စုံ ရတုလွှာ

ကွန်းမြေ ၊ အံ့ဖွယ်ထွေပြား ၊ ပဲခူးရဌ ၊ တိုင်းဒေသမှာ ၊ မသွေလှစ်ဖြာ ၊ ခေတ္တရာဟု ၊ သညာပြုတွင် ၊

မြို့ပြည်ခွင်ဝယ် ၊ လေးမြတ်ဖွယ်ရာ ၊ တည်ထားလျှာသည့် ၊ လေးဆူတိတိ ၊ ဆံတော်ရှိသည့် ၊ နာမမှည့်ခေါ် ၊ ရွှေဆံတော်ဟု၊ ဘုန်းရောင်ထွန်းတောက် ၊ ပါဒအောက်ခြေ ၊ ရနံ့သင်းထုံ ၊ စန္ဒာရုံ၏ ၊ အာမိဿက ၊ အရှင်ဥာဏိန္ဒာစာရ ဟု၊

ထေရမဟာ ၊ တေဇာရွှန်းဝေ ၊ တင့်လွန်းပေငြား ၊ သီလသမာ ၊ ဓိပညာဟု ၊ သိက္ခာလေးစား ၊ ဂုဏ်တော်များကြောင့် ၊

ဦးခိုက်အပ်စွာ ၊ မြတ်ဆရာအား ၊ သဒ္ဓါရှေ့သွား ၊ လူရှင်များက ၊ ဘွဲ့တော်ဆက်သ ၊ "အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ" ၊

ဆက်ကပ်ကြသည် ၊ ဇေယျာကျွန်းဆင့် ၀ံ့သည် ဘုရား ။



၂ ။ ။ တေဇာရွှန်းဝေ ၊ တင့်လွန်းပေကား ၊ ဆရာထေရ်ရှင် ၊ ဦးထိပ်တင်၏ ၊ ဂုဏ်ရည်ဝင့်ဝါ ၊ သာသနာဝယ် ၊

သုံးဖြာပိဋကတ် ၊ ပရိယတ်နှင့် ၊ ပဋိပတ်မကွာ ၊ ကျင့်သိက္ခာကြောင့် ၊ ကောင်းစွာပေါ်လွင် ၊ ဂုဏ်ပေါင်းဆင့်သား ၊

လူရှင်အများ ၊ လွန်လေးစား၍ ၊ ထူးခြားထင်ပေါ် ၊ မြန်ပြည်တော်တွင် ၊ ပူဇာသဘင်ပွဲ ၊ ဆင်ကာနွှဲ့သည့် ၊ မင်္ဂလာပွဲတွင် ၊

သာသနာ့ဝန်တာ ၊ စွမ်းဆောင်ပါ၍ ၊ "အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ" ဘွဲ့တော်ရသည် ၊ တေဇာထူးတင့် မြင့်သည် ဘုရား ။



၃ ။ ။ ဝေဖြာထွန်းပေ ၊ စောဗုဒ္ဓေ၏ ၊ ရှည်ကြာသာသနာ ၊ ထွန်းလင်းဖြာသည့် ၊ သညာမှည့်ရာ ၊ ခေတ္တရာဝယ် ၊

ရနံ့သင်းထုံ ၊ စန္ဒာရုံဟု ၊ သံဃာ့အာရံ ၊ ၀ိဟာရံကား ၊ ပြည်မြို့ကျက်သရေ ၊ ထွန်းလင်းပေသို့ ၊လန်းဆန်းဝေဖြာ ၊ သည်ချိန်ခါမယ် ၊ မဟာဥက္ကဋ် ၊ ရှင်ထေရ်မြတ်အား ၊ ဦးထက်ဖျား၌ ၊ ရွှင်အားလှိုက်ဖို ၊ ဆက်ကပ်လို၍ ၊ ဆက်သပူဇော် ၊

နိုင်ငံတော်က ၊ သဒ္ဓါရွှင်မျှ ၊ လှူဒါန်းလာသည့် ၊ "အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ" သွန်းထုခပ်နှိပ် ၊ ဘွဲ့တံဆိပ်နှင့် ၊

ဂုဏ်နှင့်ညီစွာ ၊ ပေးလှူရာဝယ် ၊ လွန်စွာရွှင်ပြ ၊ တပည့်မှသည် ၊ ပေါင်းစုညီညာ ၊ ဂါရ၀ါဖြင့် ၊ ရပ်နီးလေးထွေ ၊

များဝေနေတို့ ၊ နှလုံးကြည်သာ ၊ ရွှင်လန်းစွာဖြင့် ၊ ပူဇော်ထိုက်လှ ၊ ပူဇော်ရမည့် ၊ ထေရ်ရမဟော် ၊ ဆရာတော်အား ၊

ပူဇာသဘင် ၊ ပြင်ဆင်ယင်ဖြင့် ၊ ကြီးကျယ်ဂုဏ်ထူး ၊ ၀ိသိဌ်မှူးဟု ၊ အမြတ်ကျေးဇူး ၊ ရွှင်မြူးကော်ရော် ၊ ပူဇော်ပါ၏၊ ၊

ဆရာသခင် ၊ တို့ထေရ်ရှင်ကား ၊ ဘယာရောဂါ ၊ ကင်းစင်ကွာ၍ ၊ ရှင်တော်ဗုဒ္ဓါ ၊ သာသနာကို ၊ ကောင်းစွာအနေ ၊

ထမ်းရွက်ပေ၍ ၊ သုံးတိုက်ဘုံသား ၊ မေတ္တာပွါးကာ ၊ ဆုတောင်းပါသည် ၊ ဝေဖြာမြူးထင့် လွန့်သည် ဘုရာ..... ။



ဤ ရတုကို ကဗျာချစ်သူတွင် တင်ရခြင်း၏ ရည်ရွယ်ချက်



ပြည်မြို့ကိုစွန့်ခွါပြီး အကြောင်းအမျိုးမျိုးကြောင့် နယ်ဝေးမြေခြားသို့ ရောက်နေကြရသော....ရဟန်းရှင်လူ...အများ

မိမိတို့မွေးရပ်မြေသို့ မပြန်နိုင်ကြသော်လည်း...ပြည်မြို့တွင်းမှကျောင်းတိုက်များတွင် သီတင်းသုံးနေထိုင်ကြသော..

သက်တော်ရှည် ဆရာတော်အရှင်မြတ်များ...ဘွဲ့တံဆိပ်တော် ဆပ်ကပ် အလှူခံရရှိပါကြောင်း သိရှိကြပြီးလျှင်...

စာရေးပူဇော်သူနှင့်အတူ...၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေခြင်းငှါ...ရေးသားတင်အပ်ပါသည် ။



အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပြည်မြို့ ဆံတော်နယ်မြေ စန္ဒာရုံရပ်ကွက် စန္ဒာရုံကျောင်းတိုက်၏

ဦးစီးပဓာန နာယက ဖြစ်တော်မူသော ဆရာတော် အရှင် ဥာဏိန္ဒာစာရ အရှင်သူမြတ်အား ဤ ပိုက်စုံရတုလွှာဖြင့်

ဦးခိုက်ကန်တော့လိုက်ရပါသည် ဘုရား.....။







ညီသုတ

(ခေါ်)

ရွှေယုဝါ (လင်းတာကျ)

ရေးသားပူဇော်သည် ။

No comments:

Post a Comment