Wednesday, September 12, 2012

မြန်မာကဗျာ မိတ်ဆက် အပိုင်း (၁)

မြန်မာကဗျာ မိတ်ဆက် အပိုင်း (၁)
ကျွန်တော့်  ခေါင်းစဉ် ကြီးကျယ်နေမည်လားမသိပါ ။ သို့သော် ။  ကြီးကျယ်ပါစေ ၊ ခန်းနားပါစေ  ၊ ထည်ဝါပါစေ
"  ပညာရှိတို့၏ အဆင်း  တန်ဆာ ဒွါဒယာ ၊ ကိုယ်ပိုင်ဥစ္စါဖြစ်သော ကဗျာ "  ။ထို ကဗျာပြင်ကျယ်  ကျမ်းပင်လယ် သမုဒ္ဒရာ ဟူ၍
တင်စားခေါ်ဝေါ်ရလောက်အောင် ခက်ခဲနက်နဲ သိမ်မွေ့နူးညံ့ လှသော  ကဗျာ့အဏ္ဏ၀ါ  ရေယာဉ်ကျောနှင့် နှိုင်းဆကြည့်လျှင်
ကျွန်တော် ပေးထားသော " မြန်မာကဗျာ  မိတ်ဆက် "  ခေါင်းစဉ်သည် အလွန်ပင် သိမ်ငယ်နေပါလိမ့်မည် ။ ထို့တူ  ရေးသာရေးရပါသည်
ယောမင်းကြီး ဦးဖိုးလှိုင် ရဲ့စာတွေကို မြင်းထိန်းငတာ ချီးကျူး သလိုမျိုးဖြစ်မှာလည်း စိုးရပါသည် ။
               မြန်မာကဗျာ များအား ကဗျာချစ်မြတ်နိုးသူများ နှင့်  မိတ်ဆက်ရခြင်း၏ရည်ရွယ်ချက်ကိုယ် ကျွန်တော်အနည်းငယ်ရေးချင်ပါ
သည် ။ တနေ့ ကျွန်တော်၏သူငယ်ချင်းဖြစ်သူ   ကျွန်တော့်ထံသို့ မသာယာသောမျက်နှာထားနှင့် ရောက်လာပါသည် ။ အကြောင်းစုံကျွန်
တော်မေးမြန်း ကြည့်သောအခါ  " သူငယ်ချင်းရယ် ငါလေ  ငါ့ချစ်သူ ကိုချစ်လွန်းလို့  နေ့တိုင်းချစ်တယ်ဆိုတဲ့ အကြောင်းတွေပဲ ပြောနေရတာသူလည်းနားထောင်ရတာငြီးငွေ့နေမှာပဲဆိုပြီ  သူဘယ်လောက်လှကြောင်း ချောကြောင်း  သူ့ကို  ဘယ်လိုချစ်တဲ့ အကြောင်း
တေးထပ်လေးတပုဒ်နဲ့ တင်စားပြီ သူ့ကိုယ်ပေးမိတာပေါ့ ။ သူကငါရေးတဲ့  ကဗျာတွေကို အမြဲအားပေးနေတော့ ငါကလည်းသူနားလည်
ပြီးငါ့အပေါ်တော့  အချစ်တွေ  တိုးရချည်ရဲ့ပေါ့  ။ တရက်နှစ်ရက်လောက်ကြာတော့  ကဗျာအကြောင်းသူ့ကိုယ်မေးမိတယ်  ဘယ်လိုလဲ
ကို မင်းအတွက်ရေးပေးတဲ့ တေးထပ်လေးကြိုက်ရဲ့လား  ကဗျာထဲမှာပါတဲ့ အသုံးအနှုံးတွေကိုရော  သဘောပေါက်ရဲ့လားပေါ့ ။မျှော်လင့်
တကြီးနဲ့မေးမိတာပေါ့ ၊ သူပြန်ဖြေတာကြည့်ပါအုံးကွာ...ကိုကလည်းလေ   ရေးပေးစရာကဗျာရှားလို့  ဘုရားစာတွေ ရေးပေးရသလားတဲ့ "။ ထိုသူငယ်ချင်းအားကျွန်တော်အားမနာနိုင်တော့ပါ ဟန်ဆောင်၍ မရအောင်ကိုယ် ကျွန်တော်ရယ်မိပါတော့သည် ။ ထိုကဲ့သို့ ကျွန်တော်ရယ်မိခြင်းမှာ  လှောင်ပြောင်လို၍ မဟုတ်ပါ ၊ ရယ်စရာ စကားကိုယ်ကြားရ၍သာရယ်မိခြင်းဖြစ်ကြောင်း သူငယ်ချင်းအား ကျွန်တော်ရှင်းပြခဲ့ရပါသည် ။
               ယ္ခု ဖြစ်သော ကျွန်တော့်သူ ငယ်ချင်း၏အဖြစ်မှာ  မည်သူမှာမှ အပြစ်မရှိကြောင်းကျွန်တော်သိပါသည် ။ သို့သော်ကျွန်တော်တချက်စိုးရိမ်မိသည်မှာ  ထိုကဲ့သို့  မသိသူပိုများလာပြီး ၊ သိသူများက  ပြန်လည်ရေးသားဖော်ထုပ်ခြင်းမပြုကြ
ပါလျှင်  "  မြန်မာ့အမွေ ၊ ကဗျာ့အခြေ ၊ မြန်မာ့စာပေ တို့   တိမ်မြုပ် ပျောက်ကွယ် ကုန်ကြတော့မည့်အရေးကို  ရင်လေးမိသဖြင့် " မရှိမာန
အတိဂါရ၀ " ထား၍  သိသမျှတက်သမျှ  ပညာဒါန ပြုရခြင်း ဖြစ်ပါသည် ။
     ကဗျာ ။        ။  စကားနှစ်လုံးထဲနှင့် အနက်အဓိပ္ပါယ်မြောက်များစွာ ထွက်ရှိပါသော စကားလုံးဖြစ်ပါသည် ။ဘာကြောင့် ကဗျာဟုခေါ်ပါသလဲ ၊ ကျွန်တော်တို့  မြန်မာ စာပေတွင်တော့ "  ပညာရှိတို့၏ အဆင်းတန်ဆာ ဒွါဒယာ ၊ ပညာရှိတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်
သော စာပေ ဂီတ တို့သည်ပင် ကဗျာမည်၏ "ဟူ၍ ဖွင့်ဆိုပါသည် ။ အနောက်တိုင်း ကဗျာ  ပညာရှင်များကတော့  " ကဗျာဆိုသည်မှာ
ပီတိသုခဖြင့် အစပြု၍ ပညာတွေးခေါ်ခြင်းနှင့် ပြီးဆုံးသည် " ဟူ၍ ဖွင့်ဆိုကြပါသည် ။  မည်သို့ပင် ဖွင့်ဆိုစေကာမူ  ကျွန်တော်ရေးလိုသည်မှာ
မြန်မာ ကဗျာအကြောင်းပင်ဖြစ်ပါသည် ။ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်နေသော  မြန်မာတို့၏ ကိုယ်ပိုင်စာပေ ၊ ယဉ်ကျေးမှု ၊ အနုသုခုမပညာတရပ်ဖြစ်သော ကဗျာ အကြောင်းကို ရေးဖွဲ့လိုပါသည် ။
 ( ဂီတ ၊ ကဗျာ ၊ လင်္ကာ ၊ သီချင်း မည်ခြင်းအကြောင်း )
    ( ဂီတ         )  ဂီတံ - ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့သီချင်း ။
     ( ကဗျာ    ) က၀ိ - ကဗျာ သီချင်းစပ်ဆိုစီကုံးတက်သူစာရေးဆရာ ပညာရှိ ။
     (လင်္ကာ    ) အလင်္ကာရ - နား၏တန်းဆာ သဖွယ်ဖြစ်သော အသံကို ပြုတက်သော သီချင်း ။
               ထိုကဲ့သို့  ကဗျာ ဂီတ လင်္ကာ တို့ကိုယ်ရေးဖွဲ့ကြကုန်သော ပညာရှိတို့သည်  ဦးစွာပထမအားဖြင့် လေးနက်ခိုင်မြဲစွာ  အသုံးပြုအပ် ရှောင်ကြဉ် အပ်သော ကဗျာစပ်နည်းများ ကိုယ် ဥပဒေသ ဒီပကအားဖြင့် ထားရှိခဲ့ကြသည် ။  ထိုစပ်နည်း များမှာ...
               (၁) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း ။
               (၂) ဘီလူးရယ်စပ်နည်း ။
               (၃) ဦးတိုက် စပ်နည်း ။
               (၄) ချိန်ခွင်လျှာ စပ်နည်း ။
               (၅) ထိပ်ချင်းခတ်စပ်နည်း ။
              (၆) ထိပ်ချင်းချွတ် စပ်နည်း ဟူ၍   ၆ပါးရှိခဲ့သည် ။  ထို ၆ ပါးတို့တွင် .....
ဆက်ရန်........
 မရှိမာန အတိဂါရ၀ဖြင့်
   
     ညီသုတ(ပြည်)
     11/ 4 / 2012
    pm   17;58
Views: 11

မြန်မာကဗျာ မိတ်ဆက် - အပိုင်း(၂)

မြန်မာကဗျာ မိတ်ဆက် - အပိုင်း(၂)

    မြန်မာကဗျာ မိတ်ဆက် အပိုင်း(၁) ရေးအပြီး  နောက်တနေ့တွင်  ကျွန်တော့်မိတ်ဆွေ တယောက် ကျွန်တော့်ထံသို့ရောက်လာ
ပါသည် ။ "  ခင်ဗျားရေးတဲ့ စာကျွန်တော်ဖတ်ရတယ်ဗျ  ကောင်းတော့ကောင်းတယ်  ခေါင်းစဉ်တော့  ကျွန်တော်မကြိုက်ဘူး ။ ကျွန်တော်
စဉ်းစားကြည့်မိတယ်  အင်္ဂလိပ်  စာ / စကားမိတ်ဆက် ၊ တရုတ်  ဂျပန်  ကိုရီးယား  စာ / စကား  မိတ်ဆက်  အဲံဒါတွေပဲ တွေ့ဘူးတယ်ဗျာ ။
ခင်ဗျားဟာက   မြန်မာစာဖတ်တက်  ရေးတက်တဲ့  လူတွေကို  မြန်မာ ကဗျာ မိတ်ဆက်  စာမျိုးရေးတယ်ဆိုတော့  နဲနဲ ကြောင်ရာများ
ကြနေမလားလို့ပါတဲ့ " ။  ထိုကဲ့ သို့  သူ့အမြင်  သူ့အတွေး ကို ဒဲ့တိုး ပြောချလိုက်သောအခါ   ကျွန်တော့်တွင်  ပြောစရာ စကား  ချေပစရာ
စကားလုံးပေါင်းများစွာ ရှိလင့်ကစား ၊ ထိုမိတ်ဆွေအား  ကျွန်တော်  တခွန်းမျှပြန်မပြောပဲ  သူပြောသမျှပဲနားထောင်၍ ပြုံးပြုံးလေးပဲနေလိုက်ပါတော့ သည် ။ ကျွန်တော့်အနေဖြင့်  သူ့အား အမှန်တကယ်ပင်  ပြန်လည်ချေပ ပြောဆိုသင့်သည်မှာမှန်ပါသည် ။
သို့သော်   အနို့သော်  ကျွန်တော် မည်သို့ပြန်လည်ချေပရမည်  မည်သည့်စကားလုံးများဖြင့်ပြန်လည်ခြေပရမည်ကို သိပါလျှက် ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေခဲ့သည်မှာ အကြောင်းရှိပါသည် ။  ကျွန်တော်၏ မြန်မာကဗျာ မိတ်ဆက် ကိုယ် အားပေးလေ့လာ  ဖတ်ကြသော
ကျွန်တော်၏မိတ်ဆွေများ    သူငယ်ချင်းများ ညီ / ညီမများ ကျွန်တော့်နေရာတွင် ဆိုလျှင် မည်သို့ပြန်လည်ချေပပြောဆိုကြမည်ကို  ကျွန်တော်အလွန်သိချင်ပါသောကြောင့် ရေငုံနှုတ်ပိတ် နေခဲ့ခြင်းသာဖြစ်ပါသည် ။  ကျွန်တော့် မိတ်ဆွေ  စာဖတ်သူတို့၏  ထင်မြင်ယူဆချက်ကို   ကျွန်တော်ပြန်လည်  ပြောပြလိုပါသည် ။  ကျွန်တော်နှင့်  ထင်မြင်ယူဆချက်တူသည်ဖြစ်စေ  မတူသည်ဖြစ်စေ
လွတ်လပ်စွာ   ကွဲလွဲနိုင်ကြပါသည်  ။
             အပိုင်း(၁) တွင်  မြန်မာကဗျာရေးနည်း၌ အရေးပါ အဓိကကြသော အစပ်(၆) ပါးကို အစဉ်အတိုင်းအကျဉ်းမျှဖော်ပြပြီးပါပြီ ။
ယ္ခု အစပ် (၆) ပါး၏ အဓိပ္ပါယ်ကိုဆက်၍ ရှင်းပြပါမည် ။
              (၁) သက်စေ့နှက် သုံးချက်ညီစပ်နည်း
သက်စေ့နှက် သုံးချက်ညီ စပ်နည်းဆိုသည်မှာ ပထမပိုဒ် ၊ ဒုတိယပိုဒ် ၊ တတိယပိုဒ် အားဖြင့် ကာရန်သုံးပိုဒ်လုံးကို (၁) ပသတ် (၂) မသတ်
(၃) တသတ် (၄) နသတ် (၅) ညသတ် (၆) ယ သတ် ဟူသော အသတ် ခြောက်ပါးတို့တွင်  တပါးပါးနှင့် အသတ်ကာရန် သုံးချက်စေ့အောင်
အညီအညွတ်စပ်ထားသော အစပ်မျိုးကိုခေါ်သည် ။
(ဥပမာ) နေမိဘုံခန်းပျို့ တွင်
 "  နံ့မြူးကဲ  လွန် ၊ ဖြိုးဖြိုး ၀ှန်လျက် ၊ ချီချန် ဘွင့် နှင့် "
ဟုစပ်ဆိုရာတွင်  (လွန်) (၀ှန်) (ချန်) ဟူသောကာရန်သည် ၊ (န)သတ်ချည်း သက်သက် သုံးချက်စေ့အောင် အညီအညွှတ် စပ်ဆိုထားသောကြောင့် သတ်စေ့နှက် သုံးချက်ညီ စပ်နည်းဟုခေါ်ပါသည် ။
အခြားမျိုးကွဲအခေါ်များဖြစ်သော (က) မန်ကျည်းရွက်ထပ်စပ်နည်း (ခ) သုံးချက်ညီနဘေစပ်နည်း (ဂ) လွှချင်းသံ သုံးချက်ညီစပ်နည်း
ဟူ၍ စပ်နည်းအလိုက် ခေါ်ကြပါသေးသည် ။
မှတ်ချက် ။         ။ အစပ် (၆)မျိုးတွင်  ယ္ခု ပြခဲ့ပြီးသော သက်စေ့နှက် သုံးချက်ညီ စပ်နည်းသည် ၊ အကောင်းဆုံးသောစပ်နည်းဖြစ်သည် ။
                (၂)  ဘီလူးရယ်စပ်နည်း
ဘီလူးရယ်စပ်နည်းဆိုသည်မှာ  ကာရန်သုံးချက် မညီပဲ နှစ်ချက် ဖြင့်သာ ယိမ်းယိုင်၍ ဘီလူးရယ်သကဲ့သို့ မဖွယ်မရာ စပ်နည်း မျိုးကိုခေါ်သည် ။
(ဥပမာ) (စတုဓမ္မသာရပျို့တွင်)
            "  ယူခဲ့မကြွင်း ၊ ပင်ရင်း ကပ်ချဉ်း ၊ ခက်မျဉ်း ကိုင်းညွတ် "
ဟုစပ်ဆိုရာတွင် (ကြွင်း) နှင့် (ရင်း) ၊ (ချဉ်း)နှင့် (မျဉ်း ) ကာရန်တို့သည် အပိုဒ်သုံးချက်မငဲ့ဘဲ  နှစ်ချက် နှစ်ချက်ဖြင့်သာစပ်၍ သုံးချက်ညီ စပ်နည်းမှ ယိမ်းယိုင်၍ စပ်ထားသောကြောင့် ဘီလူးရယ်စပ်နည်းခေါ်ပါသည် ။
မှတ်ချက် ။          ။ ဘီလူးရယ်စပ်နည်းသည် အစပ်(၆)မျိုးတွင် အညံ့ဆုံးစပ်နည်းဖြစ်သည်ဟု ကဗျာပညာရှိ တို့ အမှာရှိခဲ့သည် ။
                 (၃) ဦးတိုက်စပ်နည်း
ဦးတိုက်စပ်နည်း ဆိုသည်မှာ ကာရန်နှစ်ပိုဒ်တို့တွင် ပထမပိုဒ်၏အဆုံးကာရန်နှင့် ဒုတိယပိုဒ်၏ အစကာရန် ကိုဦးတိုက်စပ်နည်းမျိုး ဖြစ်သည် ။
(ဥပမာ) (ဘူရိဒတ် ဇာတ်ပေါင်းပျို့တွင် )
           " ပါဏာတိ ပါတ် ၊ သတ် သည်သူ့သက် "
ဟုစပ်ဆိုရာတွင်  ပထမပိုဒ်၏အဆုံးဖြစ်သော (ပါတ်) ကာရန်နှင့် ဒုတိယပိုဒ်၏အစဖြစ်သော ( သတ်) ကာရန်သည် ဦးတိုက်၍ စပ်ထားသောကြောင့် ဦးတိုက်ကာရန် စပ်နည်း ဟုခေါ်ပါသည် ။ ၄င်းစပ်နည်းကို   (က) ရထားပြေးစပ်နည်း (ခ) ရှင်ရဌသာရ စပ်နည်းဟု
လည်းခေါ်ကြပါသည် ။
 
                 (၄) ချိန်ခွင်လျှာ စပ်နည်း
ချိန်ခွင်လျှာ စပ်နည်းဆိုသည်မှာ ချိန်ခွင်လျှာသည် အလည်ဗဟို၌ တည့်တည့် နေသကဲ့ သို့ ကာရန်သုံးပိုဒ်တို့တွင် အလယ်ဖြစ်သောကာရန်သည် ရှေ့နောက်ဝဲယာ မလိုက်ပဲ စပ်ထားသောနည်းမျိုးဖြစ်သည် ။
(ဥပမာ)  (ဘူရိဒတ် ဇာတ်ပေါင်းပျို့တွင် )
            " မည်လျှင်မတိမ် ၊ ကုက္ကို ထိန် ဟု ၊ ချုပ် ငြိမ် သာယာ "
ဟု  စပ်ဆိုရာ၌ (တိမ်) (ထိန်) (ငြိမ်) ကာရန် သုံးပိုဒ်တို့တွင် ပညတ်သံဖြစ်သော (န်) သည် ပရမတ်သံ ဖြစ်သော (မ်) နှစ်ချက်ဖက်သို့ မလိုက်ပဲ အလည်တွင်  စပ်ထားသောကြောင့် ချိန်ခွင်လျှာ စပ်နည်း ဟုခေါ်သည် ။ ဦးတိုက်စပ်နည်းဟုလည်းခေါ်ကြသေးသည် ။
မှတ်ချက် ။           ။ ဤ စပ်နည်းမျိုးသည် ကဗျာပညာဂုဏ်နှင့်ပြည့်စုံပြီးသော ဆရာကြီးများ ရေးစပ်မိရာ၌ ထေးဖာရန် စပ်နည်းမျှသာဖြစ်သည် ၊ သာမန် ကဗျာဆရာတို့ မရေးအပ်ဟု မှတ်သားဖူးသည် ။
                  (၅) ထိပ်ချင်း ခတ်စပ်နည်း
ထိပ်ချင်းခတ် စပ်နည်းဆိုသည်မှာ ကာရန်သုံးပိုဒ်တို့တွင် ပထမပိုဒ်နှင့် ဒုတိယပိုက်တို့၌ ပညတ်သံ ၊ လဟုသံ ၊ အနိစ္ဆိ တသံ ဖြစ်သော အသတ်မျိုးကိုစပ်ထား၍ တတိယပိုဒ်၌ ပရမတ်သံ ၊ ဂရုသံ ၊ က္ကုစ္ဆိတသံ ဖြစ်သော အသတ်မျိုးကိုစပ်ထားလျက် အသံထိပ်ချင်း ခတ်၍ စပ်ထားသောနည်းကိုခေါ်သည် ။
(ဥပမာ ) (စတုဓမ္မ သာရပျို့ တွင် )
            " ဤ စာကိုးခန်း ၊ ပုလဲ ပန်းဖြင့် ၊ စိတ် ကြမ်း မာန်လျှော့  "
 ဟုစပ်ဆိုရာ၌ (ခန်း) (ပန်း) ဟူသော လဟုသံ ကို (ကြမ်း) ဟူသော ဂရုသံ ဖြင့် ထိပ်ချင်း ခတ်စပ်ထားသောကြောင့် ထိပ်ချင်ခတ် စပ်နည်းဟုခေါ်သည် ။
                    (၆) ထိပ်ချင်းချွတ် စပ်နည်း
ထိပ်ချင်းချွတ်စပ်နည်း ဆိုသည်မှာ ကာရန်သုံးပိုဒ်တို့တွင် ပထမပိုဒ်၌ ပရမတ်သံ ၊ ဂရုသံ ၊ က္ကုစ္ဆိတသံဖြစ်သော အသတ်မျိုးကို စပ်ထား၍ ဒုတိယပိုဒ် ၊ တတိယပိုဒ်တို့၌ ပညတ်သံ ၊ လဟုသံ ၊ အနိစ္ဆိတသံ ဖြစ်သော အသတ်မျိုးကို စပ်ထားလျှက်အစပ်ချင်း မညီမညွတ် လွဲမှားစွာ စပ်ထားသောနည်းမျိုးကိုခေါ်သည် ။
(ဥပမာ)   ( စတုဓမ္မသာရပျို့တွင် )
              "  ပါဠိသ ရုပ် ၊ ပတ်တ ကုတ် ကို ၊ ဖွေ ထုတ် ကျမ်းလာ "
ဟုစပ်ဆိုရာတွင် (ရုပ်) ဟူသော ပထမကာရန် အသံထက် (ကုတ်)(ထုတ်) ဟူသော ဒုတိယ ၊ တတိယကာရန် အသံတို့က ပေါ့သွားသဖြင့်
ဂရုသံမှ ချွတ်ယွင်း၍  လဟုသံဖြင့် စပ်ထားသောကြောင့် ထိပ်ချင်းချွတ် စပ်နည်းခေါ်သည် ။  ဤ သို့ဖြင့် အစပ်(၆)ပါးရှိပါသည် ။
ဆက်ရန်........
မရှိမာန အတိဂါရ၀ဖြင့်
ညီသုတ(ပြည်)
Views: 87
Views: 23

ဗုဒ္ဓဘာသာ

                             "ဗုဒ္ဓဘာသာ"
                                                                       

     မြတ်စွာဘုရား၏ အယူဝါဒတော်နှင့် မြတ်စွာဘုရား၏ စကားတော် (ပိဋကတ် သုံးပုံ) တို့ကို " ဗုဒ္ဓဘာသာ" ဟုခေါ်ပါသည် ။
ဗုဒ္ဓဿဘာသာတိ ဗုဒ္ဓဘာသာ ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရား၏ ။ ဘာသာ ၊ အယူဝါဒတော်တည်း (၀ါ) စကားတော် (ပိဋကတ် သုံးပုံ)
တည်း ။    က္ကုတိတသ္မာ ၊ ထို့ကြောင့် ။ ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဘာသာမည်၏ ။
      မြတ်စွာဘုရား အပါအ၀င် ရတနာ သုံးပါး ကိုးကွယ်ဆည်းကပ်ကြသော ပုဂ္ဂိုလ်များကိုလည်း " ဗုဒ္ဓဘာသာဝင် " ဟုခေါ်ပါသည် ။
" ဗုဒ္ဓဿဘာသာ ဧတေသန္တိ ဗုဒ္ဓဘာသာ " ။ ဧတေသံ ၊ မြတ်စွာဘုရားကို (၀ါ) ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ကြသော ဤ
ပုဂ္ဂိုလ်တို့အား ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရား၏ ။ ဘာသာ ၊ အယူဝါဒတော်သည် (၀ါ) စကားတော်(ပိဋကတ်သုံးပုံသည် ။ အတ္ထိ ၊ ရှိ၏ ။
က္ကုတိတသ္မာ ၊ ထို့ကြောင့် ။ ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဘာသာတို့မည်ကုန်၏ ။
       မြတ်စွာဘုရား၏ အကြောင်းအရာ အတ္ထုပ္ပတ္တိတော်ကို " ဗုဒ္ဓ၀င် " (ဗုဒ္ဓ၀ံသ) ဟုခေါ်လေရာ မြတ်စွာဘုရားအကြောင်းအရာ ကို
ဖော်ပြသော ကျမ်းစာကို "ဗုဒ္ဓ၀င်" ကျမ်းဟုခေါ်ပါသည် ။ မြန်မာလူမျိုးများ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသည်မှာ ကြာခဲ့ပါပြီ ။ စင်ကြယ်
သော ထေရ၀ါဒဗုဒ္ဓဘာသာသည် ၁၁ ရာစုနှစ် ပုဂံခေတ်အနော်ရထာ မင်းတရားလက်ထပ်က စတင်ခဲ့ပါသည် ။ ဗုဒ္ဓဘာသာမှန်သမျှ
ရဟန်းရှင်လူအားလုံး ဗုဒ္ဓအကြောင်း ၊ ဓမ္မအကြောင်း ၊ သံဃာ့အကြောင်းများကို နားလည်သိရှိထားကြရန်လိုအပ်လှပါသည် ။
ထိုသို့နားလည်ထားမှသာလျှင် ကိုယ့်ဘာသာကိုယ့် သာသနာကို ကြည်ညိုလေးစား တန်ဘိုးထားရမယ်မှန်း သိမှာဖြစ်ပါသည် ။
        ဗုဒ္ဓအကြောင်းသိရှိနားလည်ရန် ဗုဒ္ဓ၀င်စာအုပ်များကို ဖတ်ရှု့လေ့လာကြရမှာဖြစ်ပါသည် ။ ဓမ္မအကြောင်းသိရှိနားလည်ရန်
တရားစာအုပ်များကို ဖတ်ရှု့လေ့လာမှတ်သားကြရမည် ။ ဓမ္မကထိက ဆရာတော်များ ဟောသော တရားတော်များကို နာယူမှတ်သား
ထားသင့်သည် ။ သံဃာ့အကြောင်းသိရှိနားလည်ရန် သံဃာတော်များအကြောင်း ပါရှိသော ကျမ်းဂန်များနှင့် မျက်မြင်ကိုယ်တွေ့
သံဃာတော်အရှင်မြတ်များ၏ ကျင့်ကြံနေထိုင်ပုံများကို လေ့လာမှတ်သားကြရပါမည် ။
          ဗုဒ္ဓ(ဘုရား)အကြောင်းကို ဂဃနဏသိမှ ဗုဒ္ဓ(ဘုရား)ကို လေးလေးနက်နက်ကြည်ညိုနိုင်ပေမည် ။ ထို့တူ ဓမ္မ (တရား)
အကြောင်း ၊ သံဃ(သံဃာ)အကြောင်းများကို ကောင်းမွန်စွာသိမှ တရားတော် သံဃာတော်များကို လေးနက်စွာ ကြည်ညိုနိုင်
ကြမည်ဖြစ်ပါသည် ။ ဗုဒ္ဓ ၊ဓမ္မ ၊ သံဃ ၊ အကြောင်းကို ပြည့်စုံအောင်မသိ၍ ဗဟုသုတရှာမှီးလိုသူတို့အတွက်သော် လည်းကောင်း ၊
ဘာသာတရား၏ အစစ်အမှန် အနှစ်သာရကိုမသိရှိ၍ အခြေမခိုင် ယိုင်လုလုဖြစ်နေသော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့အတွက်
သော်လည်းကောင်း ၊  သိပါစေ ၊ ပညာဗဟု တိုးပွါးနိုင်ပါစေ  ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ အပေါ်ဂုဏ်ယူဝမ်းမြောက် ကြည်နူးနိုင်ကြ
ပါစေခြင်းငှာ ဗုဒ္ဓ၀င် အကျဉ်းအား ရှေးဆရာ့ဆရာအပေါင်း၏ ကျေးဇူးဂုဏ်ကိုငဲ့ကွက်လျှက် မူမပျက် အဓိပ္ပါယ်မယွင်းပဲ အခန်းဆက်
အနေနှင့်ဖော်ပြပေးသွားပါမည် ။

                    " ဂေါတမ  ဘုရားလောင်း ဆုပန်ခန်း "
       ကျွန်ုပ်တို့ ဂေါတမ ဘုရားလောင်းသည် -မရေမတွက်နိုင် မှတ်သားထားခြင်းငှာ မစွမ်းနိုင်သော မဟာကပ်ပေါင်း
အသင်္ချေယျတို့တွင် ၊ နန္ဒအသင်္ချေ ၊ သုနန္ဒအသင်္ချေ ၊ ပထ၀ီအသင်္ချေ ၊ မဏ္ဍအသင်္ချေ ၊ ဓရဏီအသင်္ချေ ၊ သာဂရအသင်္ချေ ၊
ပုဏ္ဍရီကအသင်္ချေ ၊ တည်းဟူသော ခုနစ်အသင်္ချေ အတွင်း၌ ပွင့်တော်မူကုန်သော " ဗြဟ္မဒေ၀" အစရှိကုန်သော တစ်သိန်း
နှစ်သောင်း ငါးထောင် (၁၂၅၀၀၀) ကုန်သောဘုရားရှင်တို့ကို ဖူးမြင် တွေ့ကြုံရသဖြင့် ဓမ္မ ဒေသနာကို ကြားနာရလေလျှင်
ဘုရားဖြစ်ချင်သော စိတ်တော်ရှိလှ၍ ဒသပါရမီ ငါးလီ သောပရိစ္စာဂ (ပါရမီ ဆယ်ပါး ၊ စွန့်ခြင်းကြီး ငါးပါး) တို့ကို တစ်စ
တစ်စဖြည့်ကျင့်တော်မူလေသည် ။
ဆက်ရန်
ညီသုတ(ပြည်)
25/4/2012
ညနေပိုင်း  4း58
Views: 486

ဗုဒ္ဓဘာသာ အပိုင်း(၂)

                        "ဗုဒ္ဓဘာသာ  အပိုင်း(၂)"
   ( စကားပလ္လင်)  တာဝန်သိသူတွင် တာဝန်ရှိ၏
                        တာဝန်ရှိသူတွင်  တာဝန်ကျေပွန်သင့်သည် ။         ။ အဘယ်မည်သော ပုဂ္ဂိုလ်ပြောခဲ့သောစကား
ဖြစ်သည်ကို ကျွန်ုပ် မမှတ်မိပါ ။ သို့သော် ထိုစကားအားကြိုက်မိပါသည် ၊ ယနေ့ခေတ်အခြေအနေ သည် နည်းပညာ
ပိုင်းဆိုင်ရာ အဘက်ဘက်မှ တိုးတက်နေသော်ငြားလည်း ဘာသာရေးရှု့ထောင့်မှ သုံသပ်ကြည့်လျှင် ဗုဒ္ဓဘာသာဝင်အ
ချို့တို့မှာ ဘာသာရေးဘက်တွင်" တက်တိုး နေကြသော" ညှပ်ပူးညှပ်ပိန် အခြေအနေတွင် ရပ်တည်လျှက် ကောင်းနိုး
ရာရာ ၀ါဒများကို ကိုင်စွဲကြပြီး ဗုဒ္ဓဘာသာအမည်ခံများလာကြပါသည် ။ ဘာသာရေးအခြေခံအားနည်းလာသည်နှင့်အမျှ
မဟာယန ၊ ဟီနာယန ၊ တန္တျာယန များကို ထေရ၀ါဒနှင့်ရောသမမွှေကာ ပြုလုပ်ချင်တိုင်းလုပ်လျှက်ရှိနေကြပါသည် ။
တိုင်းပြည်အုပ်ချုပ်သော အစိုးရမှအစပြု၍ သာသနာပိုင်းဆိုင်ရာပုဂ္ဂိုလ်အချို့တို့အလယ် တောင်ယာလယ်လုပ်ဓါးမခုတ်
လူတန်းစားတို့အဆုံး ၊  ရောသမမွှေ ဘာသာရေးကို လက်ခံယုံကြည်လျှက်ရှိနေကြသည့်အတွက် သာသနာနောင်ရေး
ရတက်မအေးနိုင်ဖြစ်ရပါသည် ။ ထို့ကြောင့် ထေရ၀ါဒစစ်စစ်ကိုယ်သာ လက်ခံယုံကြည်သော (၀ါ) မည်သည့်ကိုးကွယ်
မှုနှင့်မျှ ရောထွေးခြင်းမရှိသော (၀ါ) မြတ်စွာဘုရား ပရိနိဗ္ဗန် ပြုပြီး အရှင်မဟာကဿဖအစရှိသော မဟာထေရ် အရှင်
မြတ်တို့ ညီညွတ်စွာ သင်္ဃာယနာတင်ပြီးဖြစ်သော ထေရ၀ါဒ ဗုဒ္ဓသာသနာစစ်စစ်ကိုသာ လက်ခံယုံကြည်တက်သော
(၀ါ) ညီသုတဟုခေါ်သော အညတရ စာရေးသူပေါက်စနအသေးအမွှားလေးသည် ၊ ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာတို့၏ကောင်း
ကျိုးတရားကိုရည်မျှော်၍ မိမိတွင် တာဝန်ရှိသည်ဟုမှတ်ယူကာ ဗုဒ္ဓ၏ဖြစ်တော်စဉ် (အထုပ္ပတ္တိ-ဗုဒ္ဓ၀င်)နှင့် ဗုဒ္ဓဘာသာ
ဝင်အပေါင်းတို့ ကိုးကွယ်ဆည်းကပ်သော တရားဓမ္မတို့ကို  ပါဠိပိဋကတ် အာစရိယ ပရမ္ပရ၀ါဒ ၊ မိမိ၏ အတ္ထနောမတိ
တို့ကိုယ်ပါပေါင်းစပ်၍  ၊ ဤ ဗုဒ္ဓဘာသာဟုအမည်ပေးထားသော ဗုဒ္ဓ၀င်  အပိုင်း(၂)ကို ဆက်၍ ရေးသားလိုက်ရပါသည် ။
                                       " သုမေဓာရသေ့ ဘ၀ "
               သဗ္ဗဘဒ္ဒ အသင်္ချေ ၊ သဗ္ဗဖုလ္လ အသင်္ချေ ၊ သဗ္ဗရတန အသင်္ချေ ၊ ဥသဘက္ခန္ဓ အသင်္ချေ ၊ ခန္ဓုတ္တမ အသင်္ချေ ၊
မာဏိတ အသင်္ချေ ၊ ဘဒ္ဒအသင်္ချေ ၊ ပဒုမ အသင်္ချေ ၊ သဗ္ဗဘလ္လ အသင်္ချေ တည်းဟူသော ကိုးအသင်္ချေထက်၌ ပွင့်တော်မူ
ကြကုန်သော ၊ ပေါရာဏ သကျဂေါတမ အစရှိကုန်သော (၃၈၇၀၀၀)ကုန်သော ဘုရားရှင်တို့အား ပစ္စည်းလေးပါးဖြင့်
လှူဒါန်းပူဇော်ကာ တရားတော်ကိုနာကြားပြီး " နောင်သောအခါ  ငါသည်လည်း လူတွင်ထင်ရှား ဘုရားစင်စစ်ဖြစ်စေသော် "
ဟုနှုတ်ရောစိတ်ပါ ပတ္ထနာပြု၍ ပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး အစရှိသော အကျင့်တို့ကို အမြဲဖြည့်ကျင့်
တော်မူသဖြင့် " သုမေဓာ ရသေ့" အဖြစ်သို့ ရောက်တော်မူသည် ။
                                            " ဝေဿန္တရာ မင်းကြီးဘ၀ "
                ထိုမှစ၍ သေလအသင်္ချေ ၊ ဘာသအသင်္ချေ ၊ ဇေယျအသင်္ချေ ၊ ရုစိယ အသင်္ချေ ၊ တည်းဟူသော
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူကြကုန်သော နှစ်ကျိတ်  ခုနှစ်ဆူကုန်သော ဘုရားရှင်တို့တွင် ဒီပင်္ကရာ
မြတ်စွာဘုရားမှစ၍နိယတဗျာဒိတ်ကိုခံရလျက် ဗောဓိသမ္ဘာရ အပေါင်းကို ဖြည့်တော်မူကာ အစဉ်လာသဖြင့် ဤ ကမ္ဘာဝယ်
မဟာသမ္မတမင်း တစ်ကြိမ် ၊ သုဒဿန၀ရ မန္ဓာတ်မင်း တစ်ကြိမ် ၊ မဃဒေ၀မင်း တစ်ကြိမ် ၊ နေမိမင်း တစ်ကြိမ် ၊ တေမိမင်း
တစ်ကြိမ် ၊ သိဝိရာဇ် ၊ စန္ဒကုမာရ ၊ မဟာဂေါဝိန္ဒ ၊ အကိတ္ထိဗြာဟ္မဏ ၊ ဓနဉ္စယ ၊ သသရာဇ ၊ ဟတ္ထိပါလ ၊ ဘူရိဒတ္တ ၊
စမ္ပေယျ ၊ စူဠဗောဓိ ၊ မဟိံသ ၊ ရုရုမိဂ ၊ မာတင်္ဂ ၊ ဓမ္မဓဇ ၊ ဇယဒိသ ၊ သင်္ခပါ လ ၊ ယုဓဉ္စယ ၊ သောမနဿ ၊ အယောဃရ ၊
သောဏဒန္တ ၊ ကပိရာဇ ၊ သစ္စယုဝ ၊ ၀ဋ္ဋ ပေါတက ၊ မစ္ဆရာဇ ၊ ကဏှဒီပါယန ၊ မဟာသုတသောမ ၊ သုဝဏ္ဏသာမ ၊
ဧကရာဇ ၊ မဟာလောမဟံသ တစ်ကြိမ်စီအားဖြင့် သုံးဆယ့်ငါး ဘသဖြစ်တော်မူ၍ ဆောက်တည်သော ပါရမီရင့်သန်သဖြင့်
" ဝေဿန္တရာမင်း "  အဖြစ်သို့ ရောက်တော်မူပါသည် ။
                                            "  သေတကေတု နတ်သားဘ၀ "
                 ဝေဿန္တရာမင်းဘ၀မှ စုတေလေသော် တုသိတာနတ်ပြည်တွင်  " သေတကေတု " နတ်မင်းဖြစ်၍
နတ်တို့၏အရေအတွက်အားဖြင့် အနှစ် လေးထောင် ၊ လူတို့၏အရေအတွက်အားဖြင့်  င်းဆယ့်ခုနှစ်ကုဋေ ခြောက်သန်း
စေ့အောင် နတ်စည်းစိမ်းကိုခံစား၍ နေတော်မူစဉ် လူတို့ပြည်၌  အနှစ်တစ်ထောင်ကပင်  " လူတွင်ထင်ရှား ဘုရားဖြစ်လတ္တံ"
ဟူ၍ ဗုဒ္ဓကောလာဟလ ဖြစ်လေသော် စကြ၀ဠာ တစ်သောင်း၌ ရှိကုန်သော သိကြား ၊ သုယာမ ၊ သန္တုသိက ၊ သုနိမ္မိတ၊
ဝသ၀တ္တိ ၊ မဟာဗြဟ္မာ အပေါင်းတို့သည် လေ့လာစုံစမ်းကြည့်လေသော် အလောင်းတော်နတ်သားကိုမြင်၍ ထက်ဝန်းကျင်
အရပ်မျက်နှာတို့မှ လာကြကုန်လျက် " အလောင်းတော်နတ်သား.....ဘုရားဖြစ်ချိန်တန်ပါပြီ ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်
ဖြစ်တော်မူပါ ၊ သတ္တ၀ါ အပေါင်းတို့ကို ကောင်းမြတ်သော အမြှိုက်ရေအေးဖြင့် တိုက်ကျွေးတော်မူပါ "  ဟု နတ်ဗြဟ္မာ
အပေါင်းတို့သည် တောင်းပန်ကြကုန်၏ ။ ထိုသို့တောင်းပန်သော်လည်း အလောင်းတော်နတ်သားသည် ၀န်ခံတော်မမူသေးပဲ
ဘုရားဖြစ်ထိုက်သော ကာလ ၊ ဖြစ်ရာဒီပ ၊ ဖြစ်ရာအရပ် ၊ ဖြစ်ရအံ့သောအမျိုးအနွယ် ၊ မယ်တော်၏ အသက်အပိုင်းအခြား ၊
တည်းဟူသော ကြည့်ည့်ခြင်းကြီး ငါးပါးကို ကြည့်တော်မူလေသည် ။
ဆက်ရန် -
ညီသုတ(ပြည်)
15း16
26/4/2012
Views: 306

ဗုဒ္ဓဘာသာ အပိုင်း( ၃ )

ဗုဒ္ဓဘာသာ အပိုင်း( ၃ )



( စကားဦး ) ဗုဒ္ဓဘာသာဝင်တိုင်း လေ့လာဆည်းပူးသင့်သော(ဗုဒ္ဓ၀င် - မြတ်စွာဘုရား အတ္ထုပ္ပတ္တိ ) ကို

ကျွန်ုပ်ရေး၍ ပို့စ်တင်သောအခါ မြန်မာနိုင်ငံတွင်း၌ ရှိကြသော စာဖတ်သူအချို့နှင့် ကမ္ဘာအရပ်ရပ်နိုင်ငံများတွင် ရောက်ရှိ

နေကြသော ဗုဒ္ဓဘာသာအပေါင်းတို့၏ အမျိုးမျိုးသော ဝေဖန်မှု အကြံပြုမှု ချီးမွန်း ကဲ့ရဲ့ ပြစ်တင်ရှုံ့ချမှုတို့ကို တချိန်တည်း

လက်ခံရရှိပါသည် ။ နိန္ဒာ ပသံသာ ၊ ချီးမွန်းခြင်း ကဲ့ရဲ့ခြင်းထိုနှစ်မျိုးလုံးကို ခံနိုင်ရည်ရှိအောင် အလေ့အကျင့်ပြုပြီးမှ

ကျွန်ုပ် ရေးခဲ့ခြင်းဖြစ်သည့်အတွက် ကျွန်ုပ်၌ ခံနိုင်ရည်ရှိပါသည် ။ ထို့ပြင်" ခန္တီ ပရမံတပ္ပေါတိတိက္ခာ" ဟူသော

မြတ်သောအကျင့်ကိုနှလုံးသွင်းထားသည့်အတွက်ကြောင့် မည်သို့ပင်ဝေဖန်စေကာမူ ကျွန်ုပ် မတုန်လှုပ်မိပါချေ ။

ကျွန်ုပ်၏ စကားဦး၌ ပါသော ( ယ္ခုရေးသော ဗုဒ္ဓဘာသာ အခန်းဆက်နှင့် နောင်လာမည့်အခန်း(အပိုင်း)

များအားလုံးသည် ၊ စာအုပ်တစ်အုပ်အတွင်းမှ ကူးချသောစာများမဟုတ်ပါ

ဘာသာရေးစာပေ ဖြစ်သည့်အတွက် ကျမ်းအစောင်စောင် ပေအမျိုးမျိုး လူပညာရှိ ရဟန်းပညာရှိများ

အသီးသီး၏ မူကွဲ ၀ါဒကွဲတို့ကို ညှိနှိုင်းပြီးမှ ပြန်လည်ရေးသားရခြင်းဖြစ်သည့်အတွက်

တခန်းပြီးတခန်းကျမ်းကိုးကျမ်းကားမဖော်ပြနိုင်သေးပါ ။

အခန်းအားလုံးပြီးလျှင် ကျမ်းညွှန်းနှင့်တကွ ဖော်ပြပေးပါမည် ။

ဘာသာရေးစာပေသည် သာမန်အထောက်အထားတခုတလေနှင့်မပြည့်စုံပါ

ကေစိဝါဒ ၊နာနာကဒါစိဝါဒ ၊ အာစရိယ ပရမ္ပရ၀ါဒ မိမိ၏ အတ္ထနောမတိတို့နှင့်ပါပေါင်းစပ်ရေးသားရပါသဖြင့်

အလုံးစုံပြီးသောအခါ ကျမ်းညွှန်းပေးပါမည် ။) အတ္ထနောမတိ (၀ါ) မိမိ၏ အယူအဆ ၊ ကိုယ်ပိုင်အတွေးအခေါ်ဟူသည်ကို

အနည်းငယ်ရှင်းပါမည် ။ ဗုဒ္ဓစာပေတွင် ပါဠိ အဌကထာ ၊ ဋိကာ အစရှိသဖြင့်ရှိပါသည် ၊ဗုဒ္ဓ၏နှုတ်မြွတ်တော်ဖြစ်သော

ပါဠိသက်သက်ဖြင့်ဖော်ပြရေးသားသော် ပါဠိမသိသူများအဘို့ နားလည်မည်မဟုတ်ပါ ၊ ထိုသောအခါနားလည်သိရှိ

သော ပါဠိကျမ်းတက်ပုဂ္ဂိုလ်များမှ နားလည်သောဘာသာစကားဖြင့် ဘာသာပြန်ကြရပါသည် ၊ ထိုသည်မှာ ဘာသာပြန်

သူ၏ အတ္ထနောမတိပင် မဟုတ်ပေလော ၊ တဖန် ဗုဒ္ဓ၀င်ကျမ်းများကိုရေးခဲ့ကြသော ကျမ်းပြုအကျော် ကျေးဇူးတော်ရှင်

ကြီးသဲ လေးထပ်ဆရာတော်ဘုရား ၊ မင်းကွန်းတိပိဋက ဆရာတော်ဘုရားတို့ခေတ် မြန်မာစာပေအရေးအသားအခေါ်

အဝေါ်နှင့် ယ္ခုခေတ် စာပေအရေးအသားအခေါ်အဝေါ်ခြင်း မတူတော့သည်ကို စာဖတ်သူများ သိမည်ဖြစ်ပါသည် ။

ထိုသို့ မတူညီသော မြန်မာစာပေအဆင့်ဆင့် ပြောင်းလည်းမှုတို့ကို ခေတ်နှင့်အညီ မူရင်းစာရေးသူများ၏ လိုရင်း

အဓိပ္ပါယ် မြတ်စွာဘုရား၏ ပိဋကတ်တော်နှင့်လည်းမဆန့်ကျင်အောင် ယ္ခုခေတ်စာဖတ်သူများလည်းအလွယ်တကူ

သဘောပေါက်နားလည်အောင် စာရေးသူတို့၏အတက်ပညာနှင့် ချယ်မှုန်းရခြင်းသည် အတ္ထနောမတိဟုခေါ်သော

မိမိ၏အယူအဆပင်မဟုတ်လော ။ ကျွန်ုပ်ပြောလိုသော အတ္ထနောမတိ (မိမိအယူအဆ တွေးခေါ်မှု) ဆိုသည်မှာ

ထိုကဲ့သို့မျိုးဖြစ်ပါသည် ။ စာဖတ်သူအပေါင်းအားလေးမြတ်စွာ ၀န်ခံလိုသည်မှာ ကျွန်ုပ်ညီသုတသည် ကျမ်းတက်

အကျော် ပညာရှိက၀ိတစ်ဆူမဟုတ်ပါ ငယ်ရွယ်နုပျိုသော လူငယ်တယောက် လူသားတယောက်မှ ဘာသာရေးအသိ

စိတ်ကြောင့် ဤမျှ ကြီးကျယ်ခန်းနားသော ဗုဒ္ဓ၀င်တော်များကို လက်လှမ်းမှီသလောက် စာဖတ်သူများနှင့်မိတ်ဆက်ပေး

သူသာဖြစ်ပါသည် ။ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအသီးသီးမှ မက်ဆေ့ခ်ျပို့၍ ဝေဖန်ကဲ့ရဲ့သူများနှင့် ချီးမွန်းထောပနာပြု သာဓုပေးကြသော

ပုဂ္ဂိုလ်အပေါင်းအား ဤ (စကားဦး)ဖြင့် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြန်ကြားပေးပါသည် တမုံ့.......။



" ကြည့်ခြင်းကြီးငါးပါးကို ကြည့်တော်မူခြင်း "

ကြည့်ဟန်ကား -

(၁) လူတို့အသက် အသင်္ချေမှသည် တစ်သိန်းတမ်း၏အထက် တိုင်သောကာလသည် ဇာတိ ၊ ဇရာ ၊ ဗျာဓိ ၊

မရဏ တို့ ကာလကွာဝေး၍ လက္ခဏာရေးသုံးပါးနှင့်စပ်သော တရားစကားကိုဟောပြငြားသော်လည်း တရားကိုမယုံကြည်

ပေရာ ၊ အကျိုးမဲ့သာဖြစ်မည်ကြောင့် မြတ်စွာဘုရားတို့ ပွင့်ထိုက်သောကာလမဟုတ်ချေ ။ လူတို့အသက်တစ်ရာမှ ဆုပ်ယုတ်

သောအခါတွင်လည်း သတ္တ၀ါတို့သည် ကိလေသာ ပြန့်ပြော၍ လောဘ ၊ ဒေါသ ၊ မောဟ တရားများပြားသောကြောင့် ဆုံး

မဟောကြားသော တရားဒေသနာတော်ကိုလိုက်နာ၍ မကျင့်လိုကုန် ၊ အကျိုးမဲ့သာဖြစ်လေရာသောကြောင့် မြတ်စွာဘုရားတို့

မပွင့်ကုန် ။ အသက်တစ်သိန်းမှသည် တစ်ရာတမ်းတိုင်ရုံသော ကာလသည်သာလျှင် ဘုရားဖြစ်ထိုက်သော ပွင့်ထိုက်သော

အခါဖြစ်သည် ။ယ္ခုလည်း လူတို့အသက် တစ်ရာရှည်သောအခါ ဖြစ်၍ ဘုရားဖြစ်ခြင်းငှာ( ပွင့်ခြင်းငှာ) သင့်ပေသည် ။

(၂) ဘုရားဖြစ်ရာ ဒီပ(ကျွန်း - အရပ် ) လည်း အကျယ်အားဖြင့် ယူဇနာ တစ်သန်းနှစ်သိန်း သုံးထောင် လေးရာ့

ငါးဆယ် (၁၂၀၃၄၅၀) ကျယ်ဝန်းသော စကြာဝဠာ၏ အတွင်း၌ ကျွန်းငယ်ပေါင်း ငါးရာစီ ငါးရာစီ ချန်ရံလျှက် လေးရပ်

သော ဒီပတွင်(အရပ်လေးမျက်နှာ) မြင်းမိုရ်တောင်မှ လက်ယာဝယ် ယူဇနာတစ်သောင်းရှိသော ဇမ္ဗူဒိပ်ကျွန်းသည်သာ

မြတ်စွာဘုရားတို့ ပွင့်ရာအရပ်ဖြစ်သည် ။

(၃) ထိုဇမ္ဗူဒိပ်ကျွန်းတွင်မှလည်း တောနေသုံးထောင် ၊ ရေနေလေးထောင် ၊ လူနေသုံးထောင် ရှိသည်တွင်

လူနေသုံးထောင်၏ အလယ်၌ တောင်မြောက်အလျား ယူဇနာသုံးရာ ၊ အရှေ့အနောက် အနံအားဖြင့် ယူဇနာနှစ်ရာ့ငါးဆယ်

အ၀န်း ယူဇနာ ကိုးရာရှိသော အရှေ့သို့သွားသော် ဂဇင်္ဂလနိဂုံး ၊ အရှေ့တောင်သို့သွားသော် သလ္လ၀တီမြစ် ၊ တောင်ဘက်သို့

သွားသော် သေတကဏ္ဏိကနိဂုံးရွာ ၊ အနောက်သို့သွားသော် ထူဏမည်သော ပုဏ္ဏားရွာ ၊ မြောက်အရပ်သို့သွားသော် ဥသီရဒ္ဓ

ဇတောင် ဤနိမိတ် ငါးရပ်တို့ဖြင့် သတ်မှတ်အပ်သော မဇ္ဈိမဒေသ အရပ်၌သာလျှင် ဘုရားအဆူဆူတို့ ပွင့်ရာအရပ်ဖြစ်သည် ။

( ၄) လူမျိုးလေးပါးတို့တို့တွင်လည်း မင်း ပုဏ္ဏားမျိုးတို့သည် လူတို့ လေးစားကိုးကွယ်ရိုသေရာဖြစ်၍ ဤနှစ်

မျိုးတို့၌သာ ဘုရားရှင်တို့ဖြစ်ကြကုန်သည် ။ ထိုအမျိုးနှစ်စုတို့တွင်လည်း ယခုအခါ မင်းမျိုးသာလျှင် သင့်မြတ်ချေသည် ။

ထိုမင်းမျိုးတို့တွင်လည်း သက္ကတိုင်းကပိလ၀တ်ပြည်ကိုအစိုးရသော သုဒ္ဓေါဓနမင်းကြီးသည် မဟာသမ္မတမင်းမှစ၍ သုံးသိန်း

သုံးသောင်း လေးထောင်ငါးရာ ခြောက်ကျိပ်ခုနှစ်ပါးသော ဥက္ကာဝံသ မဟာဝံသ အသမ္ဘိန္န ခတ္တိယအစစ်ဖြစ်ပေသည် ။

(၅) ထိုမင်း၏ မိဖုရားသည်လည်း လော်လည်ခြင်းငါးပါး ၊ ရန်မူခြင်းကိုးပါး အယုတ်တရားတို့မှကင်းလျက်

မကျိုးမပျက်သော ငါးပါးသီလရှိရကား ငါ့အမိဖြစ်ခြင်းငှာထိုက်၏ ။ အာယုပရိစ္ဆေဒ(အသက်အပိုင်းအခြား)လည်း ဆယ်လ၏

အထက်၌ ခုနှစ်ရက်သာကြွင်းတော့သည် ။

ထိုကဲ့သို့ ကြည့်တော်မူ၍ ပြည့်စုံစွာမြင်လေလျှင် နေရပ်အသီးသီးမှတောင်းပန်ကြသော နတ် ၊ ဗြဟ္မာအပေါင်းတို

အား ကောင်းပြီဟု ၀န်ခံတော်မူသည် (ဘုရားဖြစ်ရန်လက်ခံတော်မူသည်) ။

" ဘုရားလောင်း ပဋိသန္ဓေ နေတော်မူခြင်း "

ဘုရားဖြစ်ရန်ဝန်ခံပြီးမှ နတ်အပေါင်းခြံရံလျက် နန္ဒ၀န် အမည်ရှိသော နတ်ဥယျာဉ်သို့ဝင်၍စုတေခဲ့ပြီးသော်

အကျယ်အ၀န်းကိုးရာရှိသော မဇ္ဈိမဒေသအချက် သက္ကတိုင်း ကပိလ၀တ်ပြည် အာဒိစ္စ၀င်မင်းဖြစ်သော သိရီသုဒ္ဓေါဒန မိဖုရား

ခေါင်တောင်ညာစံဒေ၀ီဖြစ်သော သိရီမဟာမာယာ မိဖုရားကြီး၏ ၀မ်း၌ ပဋိသန္ဓေတည်နေတော်မူသည် ။

ပဋိသန္ဓေယူသောနေ့မှာ မဟာသက္ကရာဇ် ခြောက်ဆယ့်ခုနစ်ခု ၀ါဆိုလပြည့် ကြာသပတေးနေ့ ဥတ္တရာသာဠ်

နက္ခတ်နှင့် လနတ်ယှဉ်စံသော သန်းခေါင်ယံ အချိန်တွင် ပဋိသန္ဓေယူတော်မူသည် ။

ဆက်ရန်.......

ညီသုတ(ပြည်)

27/4/2012

16း45

pyay.

Tags: ကိုယ်ပိုင်ဘလော့

ဗုဒ္ဓဘာသာ အပိုင်း( ၄)

ဗုဒ္ဓဘာသာ အပိုင်း(၄)

"ပုဗ္ဗနိမိတ် ၃၂ - ပါး ထင်ရှားဖြစ်ခြင်း"

ပဋိသန္ဓေ စံနေတော်မူလျှင် -
(၁) မြေအပေါင်း တစ်သောင်းသောလောကဓာတ်တို့သည် တစ်ပြိုင်နက် ဆတ်ဆတ်ခါမျှ တုန်လှုပ်ကုန်သည် ။
(၂) ပူခြင်း ၊ ချမ်းခြင်းဟူသော ဥတုနှစ်မျိုး ကင်းငြိမ်း လေ၏ ။
(၃) လောကဓါတ်အလုံး ဆိတ်ငြမ်လျက် အသံမရှိ အနောက်ယှက်ကင်းသည် ။
(၄) လေပြင်းမုန်တိုင်း မလာ ၊ လေသာလေပြည် မြူးသည် ။
(၅) ဂင်္ဂါ ၊ ယမုနာစသော မြစ်အားလုံးတို့၌ ရေစီးခြင်းမရှိ ရပ်တန့်သည် ။
(၆) မြေ၌ပွင့်သော မြင်မြင်သမျှပန်း ၊ သစ်ပင်အပေါင်းတို့ နှာမောင်းဆင့်ကာဆင့်ကာ ပွင့်ကုန် ၊ သီးကုန်သည် ။
(၇) ကောင်းကင်ထက် ကွန့်မြူးကာ တည်သော အာကာသဌ ရတနာတို့သည် လွန်စွာအရောင်ထွက်ကုန်သည် ။
(၈) လူ့ပြည် နတ်ပြည်၌ရှိကုန်သော စည် ၊ စောင်း ၊ ပတ်သာ ၊ တူရိယာ အားလုံးတို့သည် မတီးမမှုတ်ဘဲ မည်ကုန်သည် ။
(၉) နတ်ပြည်၌ရှိသော ပန်း ၊ နံ့သာမိုးတို့သည် ဖြိုးဖြိုးပြည့်မျှ ရွာကုန်သည် ။
(၁၀) စကြာဝဠာ ကောင်းကင် ၊ မြေပြင်ရိုက်ဟည်းလျက် တော်လဲသံပဲ့တင်သံတို့ မည်ကုန်သည် ။
(၁၁) ငရဲကြီး ရှစ်ထပ်၌ မီးဟုန်အပူ ငြိမ်းသည် ။
(၁၂) မီးခိုး ၊ သူရိန် ၊ မြူတိမ် ၊ မိုးလျှံကင်းလျက် နေမင်း၏အရောင် တောက်ပသည် ။
(၁၃) နက္ခတ်တာရာ ကြယ်တကာတို့ နေ့အခါ၌ ညဉ့်မှာကဲ့သို့ မြင်ရသည် ။
(၁၄) မြေညစ်ကြေးကိုဆေးလျှော်သည့် ပမာ မိုးမရွဘြဲပင် ရေယာဉ်ဖြိုင်ဖြိုင်စီးသည် ။
(၁၅) တာရာအပေါင်း ၊ သောကြာ ၊ ဗုဒ္ဓဟူးစသော ဂြိုဟ်ကြယ်ပုံဆောင်တို့ အရောင် အလွန်ထွန်းပကြသည် ။
(၁၆) သတ္တဗီသနက္ခတ်တို့ ပြတ်သားစွာ ထင်မြင်သည် ။
(၁၇) ငွေစင်စန္ဒာသည် ၀ိသာခါနက္ခတ်နှင့် ယှဉ်သည် ။
(၁၈) တွင်းဂူ လိုဏ်ခေါင်း မြေအောင်း သတ္တ၀ါတို့ ထွက်ကုန်သည် ။
(၁၉) လူ ခပ်သိမ်းတို့ ရောင့်ရဲလွယ်ကုန်သည် ။
(၂၀) ကိုးဆယ့်ခြောက်ဖြာ ဝေဒနာရှိသူတို့ ကျန်းမာကြကုန်သည် ။
(၂၁) မွတ်သိပ် ဆာလောင်ခြင်း ငြိမ်းသည် ။
(၂၂) ပြိတ္တာအပေါင်းတို့ သာယာဝပြောသည် ။
(၂၃) လောဘ ၊ ဒေါသ ၊ မာနထန်သူတို့ အလွန်ခေါင်းပါးကုန်သည် ။
(၂၄) အပါယ်လေးပါး၌ နှစ်ဆယ့်ငါးဖြာသော ဘေးအပေါင်း ကင်းသည် ။
(၂၅) ရေမှုန်မြူညက်တို့ တက်လွင့်ခြင်းမရှိ စင်ကြယ်သည် ။
(၂၆) မကောင်းသောရနံ့တို့ ပျောက်သည် ။
(၂၇) နတ်တို့၏ ရနံ့သာ လှိုင်သည် ။
(၂၈) အရူပလေးဘုံကိုထား၍ ခြောက်ပါးသော နတ်ရွာ ၊ ဗြဟ္မာ တစ်ဆယ့်ခြောက်ဘုံ ကိုအကုန်အစင်မြင်ရသည် ။
(၂၉) ငရဲကြီးရှစ်ထပ်ဝယ် ခံရသောသူအပေါင်းတို့ကို မြင်ရကုန်သည် ။
(၃၀) တိုက် ၊ နံရံ ၊ တံခါး ၊ တောင်ဖျား ၊တိမ်တိုက်တို့ မကွယ်မကာဟင်းလင်းသာ ဖြစ်ကုန်သည် ။
(၃၁) သတ္တ၀ါတို့ ခန္ဓာပျက်ကြွေ သေလွန်ရခြင်းမရှိကုန် ။
(၃၂) သန္ဓေယူခြင်း ၊ ဖွားမြင်ခြင်း မရှိကုန် ။
ဤသို့ သုံးဆယ့်နှစ်ပါးသော ပုဗ္ဗနိမိတ်တို့ ထင်ကုန်သည် ။

"မယ်တော်မဟာမာယာ အိမ်မက်မြင်မက်ခြင်း"

မယ်တော်မာယာသည် ကြီးစွာသောအိမ်မက်ကိုမြင်မက်သည် ။ အိမ်မက်ကား " စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့သည်
မိဖုရားကို အိပ်ယာသလွန်နှင့်တကွချီ၍ ဟိမ၀န္တာသို့ ဆောင်ယူပြီးလျှင် ယူဇနာခြောက်ဆယ် ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ၏
အပြင် အင်ကြင်းပင်ကြီး၏ အောက်၌ချထား၏ ။ ထိုအခါနတ်မိဖုရား လေးဦးတို့သည် လာကုန်၍ သီတာန၀တတ်ရေတို့ကို ချိုးစေပြီးလျှင်
နတ်တို့၏ ပန်းနံ့သာ တန်ဆာကို ဆင်ယင်လျက်ငွေတောင်ထွတ်ထက်ရှိသော ရွှေဗိမာန်သို့ဆောင်၍အိပ်စေပြန်၏ ။ ထိုအခါ ငွေသာခွါ
တောင်သို့သော ဆင်ပြောင်ရတနာသည် မြောက်အရပ်မှလာ၍ မိဖုရားကြီး၏ လက်ယာနံပါးကို လှစ်၍၀င်သည် " ဟု မြင်မက်တော်မူ၏ ။
ထိုသို့ သန္ဓေယူသောအခါမှစ၍ စကြာဝဠာမှ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးတို့သည် သန်လျက်လက်စွဲကုန်လျက်
ရွှေနန်းကျက်သရေတိုက်၌ စောင့်လာကုန်သည် ။ ထက်ဝန်းကျင်သော စကြာဝဠာ တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည် ကောင်းစွာ
စောင့်ရှောက်လာကုန်သည် ။ ယင်းသို့ ပဋိသန္ဓေနေသည်မှစ၍ မယ်တော်မိဖုရားသည် ယောင်္ကျားတို့၌ ညွတ်ငိုက်တပ်ငြိသော ရာဂရမ္မက်
နှောက်ယှက်ခြင်းမရှိ ၊ အမြိုက်အတိဖြင့်ဝလျက် နှစ်သက်သော မင်းစည်းစိမ်ကိုခံစား၍ ခြွေရံသင်းပင်းနှင့်သာလျှင် သန့်ရှင်းစွာ စံတော်မူ၏ ။
ကြည်စွာသောပတ္တမြားရတနာ၌ သီသော သန္တာနီကြိုးကဲ့သို့လည်းကောင်း ၊ ဖန်တကောင်းအတွင်း၌ သွင်းထားအပ်သော
ပုလဲရုပ်ကဲ့သို့လည်းကောင်း ၊ တရားဟောပလ္လင်ထက် ထိုင်နေသော တရားဟောပုဂ္ဂိုလ်ကဲ့သို့ လည်းကောင်း မယ်တော်ဝမ်း၌ ထက်ဝယ်ဖွဲ့
ခွေ ရှေးရှုနေတော်မူသည်ကို မယ်တော်နှင့်တကွ လူအပေါင်းတို့ ထင်ရှားစွာ မြင်ကြရလေသည် ။

ဆက်ရန်....

ညီသုတ(ပြည်)
28/4/2012
14း42
pyay
Views: 18

ဗုဒ္ဓဘာသာ အပိုင်း( ၅)

                                                      ဗုဒ္ဓဘာသာ အပိုင်း(၅)

             ဗုဒ္ဓဘာသာ အပိုင်း (၅) ရေးရန် ဒီနေ့တော့ဖြင့် တစ်ရက်တလေနားဦးမည် ၊ အနည်းငယ်ပင်ပန်းမှုကြောင့်ရော
စိတ်ရှုပ်ထွေးမှု ၊ စသည်တို့ကြောင့် "ကဗျာခရီး ခြေချမိခြင်း" ရေးအပြီး တစ်ဆယ့်ငါ့မိနစ်ခန့် မျက်လုံးအနားပေး ခေတ္တ
အနားယူနေစဉ် ကျွန်တော်ရေးထားသော ဗုဒ္ဓဘာသာ အပိုင်း(၄) အတွင်းသို့ကွန်မန့် မေးတစ်စောင်ရောက်လာပါသည် ။
ကျွန်တော် ဖတ်ကြည့်လိုက်သောအခါ ကျက်သီးမွေးညှင်းများထအောင်ကို တုန်လှုပ်မိပါသည် ၊ ၄င်းပို့စ်ကိုတဆင့်ဖော်ပြ
ပေးသူ မောင်ဇေယျာ သည်လည်း ကျွန်တော်နှင့်ထပ်တူခံစားရ၍ ကွန်မန့်အနေဖြင့်ရေးသားပေးပို့ခြင်းဖြစ်လိမ့်မည်ဟု
ကျွန်တော်ထင်ပါသည် ။ ကျွန်တော်ဘာကြောင့်ကျက်သီးမွေးညှင်းထားအောင် တုန်လှုပ်မိသနည်းဟုမေးလိုသူတို့ ရှိနေ
မည်မှာ သေချာပါမည် ၊ ထို့ကြောင့်-
 http://forverfriends.ning.com/profiles/blogs/2863689:BlogPost:70327...
ဤ လင့်ခ်ကို ကလစ်၍သာ မိမိကိုယ်တိုင်သွားရောက် လေ့လာဖတ်ရှုကြပါတော့ ဟုတိုက်တွန်းလိုပါတော့သည် ။
မောင်ဇေယျာ ပြောသလို ကျွန်တော်လည်း ကျွန်တော့်၏ သိုးအုပ်များကိုသာ ဘေးလွတ်ရာသို့ အန္တရာယ်ကင်းရာသို့
ဆောင်ယူပါတော့မည် ။ ထို့ကြောင့် ဗုဒ္ဓဘာသာအပိုင်း(၅)ကို ဆက်၍ ရေးပါသည် ။
(မှတ်ချက်) မောင်ဇေယျာ ခိုင်းနှိုင်းထားသော သိုးအုပ်ဆိုသည်မှာ လူစင်စစ်များအား အဟိတ်တိရစ္ဆာန်နှင့်နှိုင်းလိုခြင်း
မဟုတ်ပဲ သိုးငယ်တို့၏ဖြူစင်မှု ဂုဏ်ကိုယ်ယူထားခြင်းသာဖြစ်မည်ဟု ကျွန်တော်ထင်ပါသည် ။

                         " ဘုရားလောင်း ဖွားမြင်တော်မူခြင်း "
                 ယင်းသို့ ပဋိသန္ဓေ တည်နေတော်မူ၍ ဆယ်လစေ့သော် ဆွေတော်မျိုးတော် မယ်တော် ခမည်းတော်တို့၏
နေရာဖြစ်သော ဒေ၀ဒဟပြည်သို့ သွားလိုသော ဆန္ဒဖြစ်၍ သိရီသုဒ္ဓေါဒန မင်းကြီးအား ကြားလျှောက်လေရာ ဒေ၀ဒဟ
ပြည်နှင့် ကပိလ၀တ်ပြည် အကြား ငါးယူဇနာရှိသော အရပ်ကို ခတ်အပ်သောတလင်းအသွင် သန့်စင်စွာညီညွတ်၍
ကြာအိုး ၊ ရေချမ်း ၊ ကွန်းထောက် ၊ မဏ္ဍပ် ၊ ဇရပ် ၊ ကန္နား ၊ကုက္ကား ၊ တံခွန် စသည်တို့ဖြင့် ခင်းကျင်းပြုပြင် တန်ဆာ
ဆင်၍စစ်အင်္ဂါလေးပါး ၀န်းရံစေလျက် ရွှေထမ်းစင်စီးပြီးလျှင် ထွက်စေတော်မူ၏ ။
                ထိုသို့ ထွက်ကြွ၍ ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်၏ အကြား၌ နှစ်ပါးသောပြည်သူတို့ ဆွတ်ယူသုံးဆောင်ရာ
သာယာနုပျိုကြည်ညိုဖွယ်ရှိလှသော လုဗ္မိနီ အင်ကြင်းတောသို့ ရောက်ပြီး ပင်လုံးကျွတ်ပွင့်လျက် သားငှက်ပိတုန်းအပေါင်းတို့ဖြင့်
တင့်တယ်သော အင်ကြင်းပင်စည်ကိုမြင်တော်မူလျှင် ပျော်ရွှင်ဝင်နား ကစားမြူးထူးလိုသော နှလုံးတော်ရှိလှ၍
ရွှေထမ်းစင်ထက်မှသက်ဆင်းပြီးသော် အင်ကြင်းပင်အောက်သို့ ၀င်ကြွတော်မူ၏ ။
                ယင်းသို့ ၀င်ကြွတော်မူပြီးလျှင် မင်္ဂလာရှိသော အင်ကြင်းပင်ကြီး၏အခက်သည် ညွတ်လျက်ခံလှာ၏ ။
ထိုသို့ ခံလှာသော မင်္ဂလာအင်ကြင်းခက်ကို ရပ်လျှက်လှမ်းတော်မူလေလျှင် စင်္ကြာဝဠာတစ်သောင်းသည် ၊
ကောင်းချီးပေးသကဲ့သို့ အေးအေးကြည်ကြည် ကျူမြည်ရိုက်ဟည်းလျက် မြေကြီးတုန်လှုပ်ခြင်း ၊ ဥက္ကာပျံညီးမီးရှူး
ရောင်ဝေ လနေကြယ်စုံ ထွက်၍ တစ်ပြိုင်နက် ထွန်းလင်းခြင်း အစရှိသောသုံးဆယ့်နှစ်သွယ်သောအံ့ဖွယ်သရဲ လွန်ကဲ
သောတိတ်နိမိတ်တို့ကို ထင်ရှားစွာပြလျက် ကမ္မဇလေ လှုပ်လတ်သော် အထိန်းအယ  မောင်းမကိုယ်လုပ်တို့အား
အကြောင်းကိုကြား၍ ထိုအင်ကြင်းပင်၏ အပါးတွင် တင်းထိမ်အရံဖြင့် ကာရံခယလျက် မစပြုပြင်ကုန်စဉ် သန့်ရှင်း
လွန်ကဲသော ပုလဲမှည့်ရတနာသည်အာကာတိမ်ညွန့်မှ မြူးကွန့်ထွက်ဆင်းသကဲ့သို့ သန့်ရှင်းစင်ကြယ်စွာလက္ခဏာ
ကြီးငယ်တို့နှင့်ပြည့်စုံသော အလောင်းတော်မင်းသားကို မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့နံနက်
တစ်ချက်တီးအချိန် သိဟ်လဂ် ဗြိစ္ဆာစန်း ၀ိသာခါနက္ခတ်နှင့်ယှဉ်လျက်ဖွားမြင်တော် မူသည် ။ ထိုသို့ဖွားမြင်တော်မူ
လျှင် ကောင်းကင်ပြင်မှ ရေယာဉ်နှစ်သွယ်တို့သည် မယ်တော်မာယာ၌၄င်း ၊ အလောင်းတော်မင်းသား၌၄င်း
ချမ်းမြကြည်သာ ဝေဒနာမရှိစေခြင်းငှာ သက်ဆင်း သွန်ျးေန်းလာကုန်၏ ။ အလောင်းတော်မင်းသားသည်လည်း
တစ်ပါးသောသူတို့ကဲ့သို့ လိမ်းကျံရစ်ထွေး ညစ်ကြေးသမ်းမို့ခြင်းမရှိ  ပဂတိသွန်းသစ်သော ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့
စင်ကြယ်မွန်မြတ်စွာ ဖွားမြင်တော်မူလာ၏ ။


ဆက်ရန်....
ညီသုတ(ပြည်)
29/4/2012
18း57
pyay
Views: 50