Wednesday, September 12, 2012

မြန်မာကဗျာ မိတ်ဆက် အပိုင်း (၁)

မြန်မာကဗျာ မိတ်ဆက် အပိုင်း (၁)
ကျွန်တော့်  ခေါင်းစဉ် ကြီးကျယ်နေမည်လားမသိပါ ။ သို့သော် ။  ကြီးကျယ်ပါစေ ၊ ခန်းနားပါစေ  ၊ ထည်ဝါပါစေ
"  ပညာရှိတို့၏ အဆင်း  တန်ဆာ ဒွါဒယာ ၊ ကိုယ်ပိုင်ဥစ္စါဖြစ်သော ကဗျာ "  ။ထို ကဗျာပြင်ကျယ်  ကျမ်းပင်လယ် သမုဒ္ဒရာ ဟူ၍
တင်စားခေါ်ဝေါ်ရလောက်အောင် ခက်ခဲနက်နဲ သိမ်မွေ့နူးညံ့ လှသော  ကဗျာ့အဏ္ဏ၀ါ  ရေယာဉ်ကျောနှင့် နှိုင်းဆကြည့်လျှင်
ကျွန်တော် ပေးထားသော " မြန်မာကဗျာ  မိတ်ဆက် "  ခေါင်းစဉ်သည် အလွန်ပင် သိမ်ငယ်နေပါလိမ့်မည် ။ ထို့တူ  ရေးသာရေးရပါသည်
ယောမင်းကြီး ဦးဖိုးလှိုင် ရဲ့စာတွေကို မြင်းထိန်းငတာ ချီးကျူး သလိုမျိုးဖြစ်မှာလည်း စိုးရပါသည် ။
               မြန်မာကဗျာ များအား ကဗျာချစ်မြတ်နိုးသူများ နှင့်  မိတ်ဆက်ရခြင်း၏ရည်ရွယ်ချက်ကိုယ် ကျွန်တော်အနည်းငယ်ရေးချင်ပါ
သည် ။ တနေ့ ကျွန်တော်၏သူငယ်ချင်းဖြစ်သူ   ကျွန်တော့်ထံသို့ မသာယာသောမျက်နှာထားနှင့် ရောက်လာပါသည် ။ အကြောင်းစုံကျွန်
တော်မေးမြန်း ကြည့်သောအခါ  " သူငယ်ချင်းရယ် ငါလေ  ငါ့ချစ်သူ ကိုချစ်လွန်းလို့  နေ့တိုင်းချစ်တယ်ဆိုတဲ့ အကြောင်းတွေပဲ ပြောနေရတာသူလည်းနားထောင်ရတာငြီးငွေ့နေမှာပဲဆိုပြီ  သူဘယ်လောက်လှကြောင်း ချောကြောင်း  သူ့ကို  ဘယ်လိုချစ်တဲ့ အကြောင်း
တေးထပ်လေးတပုဒ်နဲ့ တင်စားပြီ သူ့ကိုယ်ပေးမိတာပေါ့ ။ သူကငါရေးတဲ့  ကဗျာတွေကို အမြဲအားပေးနေတော့ ငါကလည်းသူနားလည်
ပြီးငါ့အပေါ်တော့  အချစ်တွေ  တိုးရချည်ရဲ့ပေါ့  ။ တရက်နှစ်ရက်လောက်ကြာတော့  ကဗျာအကြောင်းသူ့ကိုယ်မေးမိတယ်  ဘယ်လိုလဲ
ကို မင်းအတွက်ရေးပေးတဲ့ တေးထပ်လေးကြိုက်ရဲ့လား  ကဗျာထဲမှာပါတဲ့ အသုံးအနှုံးတွေကိုရော  သဘောပေါက်ရဲ့လားပေါ့ ။မျှော်လင့်
တကြီးနဲ့မေးမိတာပေါ့ ၊ သူပြန်ဖြေတာကြည့်ပါအုံးကွာ...ကိုကလည်းလေ   ရေးပေးစရာကဗျာရှားလို့  ဘုရားစာတွေ ရေးပေးရသလားတဲ့ "။ ထိုသူငယ်ချင်းအားကျွန်တော်အားမနာနိုင်တော့ပါ ဟန်ဆောင်၍ မရအောင်ကိုယ် ကျွန်တော်ရယ်မိပါတော့သည် ။ ထိုကဲ့သို့ ကျွန်တော်ရယ်မိခြင်းမှာ  လှောင်ပြောင်လို၍ မဟုတ်ပါ ၊ ရယ်စရာ စကားကိုယ်ကြားရ၍သာရယ်မိခြင်းဖြစ်ကြောင်း သူငယ်ချင်းအား ကျွန်တော်ရှင်းပြခဲ့ရပါသည် ။
               ယ္ခု ဖြစ်သော ကျွန်တော့်သူ ငယ်ချင်း၏အဖြစ်မှာ  မည်သူမှာမှ အပြစ်မရှိကြောင်းကျွန်တော်သိပါသည် ။ သို့သော်ကျွန်တော်တချက်စိုးရိမ်မိသည်မှာ  ထိုကဲ့သို့  မသိသူပိုများလာပြီး ၊ သိသူများက  ပြန်လည်ရေးသားဖော်ထုပ်ခြင်းမပြုကြ
ပါလျှင်  "  မြန်မာ့အမွေ ၊ ကဗျာ့အခြေ ၊ မြန်မာ့စာပေ တို့   တိမ်မြုပ် ပျောက်ကွယ် ကုန်ကြတော့မည့်အရေးကို  ရင်လေးမိသဖြင့် " မရှိမာန
အတိဂါရ၀ " ထား၍  သိသမျှတက်သမျှ  ပညာဒါန ပြုရခြင်း ဖြစ်ပါသည် ။
     ကဗျာ ။        ။  စကားနှစ်လုံးထဲနှင့် အနက်အဓိပ္ပါယ်မြောက်များစွာ ထွက်ရှိပါသော စကားလုံးဖြစ်ပါသည် ။ဘာကြောင့် ကဗျာဟုခေါ်ပါသလဲ ၊ ကျွန်တော်တို့  မြန်မာ စာပေတွင်တော့ "  ပညာရှိတို့၏ အဆင်းတန်ဆာ ဒွါဒယာ ၊ ပညာရှိတို့၏ ကိုယ်ပိုင်ဥစ္စာဖြစ်
သော စာပေ ဂီတ တို့သည်ပင် ကဗျာမည်၏ "ဟူ၍ ဖွင့်ဆိုပါသည် ။ အနောက်တိုင်း ကဗျာ  ပညာရှင်များကတော့  " ကဗျာဆိုသည်မှာ
ပီတိသုခဖြင့် အစပြု၍ ပညာတွေးခေါ်ခြင်းနှင့် ပြီးဆုံးသည် " ဟူ၍ ဖွင့်ဆိုကြပါသည် ။  မည်သို့ပင် ဖွင့်ဆိုစေကာမူ  ကျွန်တော်ရေးလိုသည်မှာ
မြန်မာ ကဗျာအကြောင်းပင်ဖြစ်ပါသည် ။ တိမ်မြုပ်ပျောက်ကွယ်လုနီးနီး ဖြစ်နေသော  မြန်မာတို့၏ ကိုယ်ပိုင်စာပေ ၊ ယဉ်ကျေးမှု ၊ အနုသုခုမပညာတရပ်ဖြစ်သော ကဗျာ အကြောင်းကို ရေးဖွဲ့လိုပါသည် ။
 ( ဂီတ ၊ ကဗျာ ၊ လင်္ကာ ၊ သီချင်း မည်ခြင်းအကြောင်း )
    ( ဂီတ         )  ဂီတံ - ရှည်သောအသံဖြင့် သီဆိုအပ်သော စကားအဖွဲ့သီချင်း ။
     ( ကဗျာ    ) က၀ိ - ကဗျာ သီချင်းစပ်ဆိုစီကုံးတက်သူစာရေးဆရာ ပညာရှိ ။
     (လင်္ကာ    ) အလင်္ကာရ - နား၏တန်းဆာ သဖွယ်ဖြစ်သော အသံကို ပြုတက်သော သီချင်း ။
               ထိုကဲ့သို့  ကဗျာ ဂီတ လင်္ကာ တို့ကိုယ်ရေးဖွဲ့ကြကုန်သော ပညာရှိတို့သည်  ဦးစွာပထမအားဖြင့် လေးနက်ခိုင်မြဲစွာ  အသုံးပြုအပ် ရှောင်ကြဉ် အပ်သော ကဗျာစပ်နည်းများ ကိုယ် ဥပဒေသ ဒီပကအားဖြင့် ထားရှိခဲ့ကြသည် ။  ထိုစပ်နည်း များမှာ...
               (၁) သတ်စေ့နှက် သုံးချက်ညီ စပ်နည်း ။
               (၂) ဘီလူးရယ်စပ်နည်း ။
               (၃) ဦးတိုက် စပ်နည်း ။
               (၄) ချိန်ခွင်လျှာ စပ်နည်း ။
               (၅) ထိပ်ချင်းခတ်စပ်နည်း ။
              (၆) ထိပ်ချင်းချွတ် စပ်နည်း ဟူ၍   ၆ပါးရှိခဲ့သည် ။  ထို ၆ ပါးတို့တွင် .....
ဆက်ရန်........
 မရှိမာန အတိဂါရ၀ဖြင့်
   
     ညီသုတ(ပြည်)
     11/ 4 / 2012
    pm   17;58
Views: 11

မြန်မာကဗျာ မိတ်ဆက် - အပိုင်း(၂)

မြန်မာကဗျာ မိတ်ဆက် - အပိုင်း(၂)

    မြန်မာကဗျာ မိတ်ဆက် အပိုင်း(၁) ရေးအပြီး  နောက်တနေ့တွင်  ကျွန်တော့်မိတ်ဆွေ တယောက် ကျွန်တော့်ထံသို့ရောက်လာ
ပါသည် ။ "  ခင်ဗျားရေးတဲ့ စာကျွန်တော်ဖတ်ရတယ်ဗျ  ကောင်းတော့ကောင်းတယ်  ခေါင်းစဉ်တော့  ကျွန်တော်မကြိုက်ဘူး ။ ကျွန်တော်
စဉ်းစားကြည့်မိတယ်  အင်္ဂလိပ်  စာ / စကားမိတ်ဆက် ၊ တရုတ်  ဂျပန်  ကိုရီးယား  စာ / စကား  မိတ်ဆက်  အဲံဒါတွေပဲ တွေ့ဘူးတယ်ဗျာ ။
ခင်ဗျားဟာက   မြန်မာစာဖတ်တက်  ရေးတက်တဲ့  လူတွေကို  မြန်မာ ကဗျာ မိတ်ဆက်  စာမျိုးရေးတယ်ဆိုတော့  နဲနဲ ကြောင်ရာများ
ကြနေမလားလို့ပါတဲ့ " ။  ထိုကဲ့ သို့  သူ့အမြင်  သူ့အတွေး ကို ဒဲ့တိုး ပြောချလိုက်သောအခါ   ကျွန်တော့်တွင်  ပြောစရာ စကား  ချေပစရာ
စကားလုံးပေါင်းများစွာ ရှိလင့်ကစား ၊ ထိုမိတ်ဆွေအား  ကျွန်တော်  တခွန်းမျှပြန်မပြောပဲ  သူပြောသမျှပဲနားထောင်၍ ပြုံးပြုံးလေးပဲနေလိုက်ပါတော့ သည် ။ ကျွန်တော့်အနေဖြင့်  သူ့အား အမှန်တကယ်ပင်  ပြန်လည်ချေပ ပြောဆိုသင့်သည်မှာမှန်ပါသည် ။
သို့သော်   အနို့သော်  ကျွန်တော် မည်သို့ပြန်လည်ချေပရမည်  မည်သည့်စကားလုံးများဖြင့်ပြန်လည်ခြေပရမည်ကို သိပါလျှက် ရေငုံနှုတ်ပိတ် ခပ်မဆိတ် နေခဲ့သည်မှာ အကြောင်းရှိပါသည် ။  ကျွန်တော်၏ မြန်မာကဗျာ မိတ်ဆက် ကိုယ် အားပေးလေ့လာ  ဖတ်ကြသော
ကျွန်တော်၏မိတ်ဆွေများ    သူငယ်ချင်းများ ညီ / ညီမများ ကျွန်တော့်နေရာတွင် ဆိုလျှင် မည်သို့ပြန်လည်ချေပပြောဆိုကြမည်ကို  ကျွန်တော်အလွန်သိချင်ပါသောကြောင့် ရေငုံနှုတ်ပိတ် နေခဲ့ခြင်းသာဖြစ်ပါသည် ။  ကျွန်တော့် မိတ်ဆွေ  စာဖတ်သူတို့၏  ထင်မြင်ယူဆချက်ကို   ကျွန်တော်ပြန်လည်  ပြောပြလိုပါသည် ။  ကျွန်တော်နှင့်  ထင်မြင်ယူဆချက်တူသည်ဖြစ်စေ  မတူသည်ဖြစ်စေ
လွတ်လပ်စွာ   ကွဲလွဲနိုင်ကြပါသည်  ။
             အပိုင်း(၁) တွင်  မြန်မာကဗျာရေးနည်း၌ အရေးပါ အဓိကကြသော အစပ်(၆) ပါးကို အစဉ်အတိုင်းအကျဉ်းမျှဖော်ပြပြီးပါပြီ ။
ယ္ခု အစပ် (၆) ပါး၏ အဓိပ္ပါယ်ကိုဆက်၍ ရှင်းပြပါမည် ။
              (၁) သက်စေ့နှက် သုံးချက်ညီစပ်နည်း
သက်စေ့နှက် သုံးချက်ညီ စပ်နည်းဆိုသည်မှာ ပထမပိုဒ် ၊ ဒုတိယပိုဒ် ၊ တတိယပိုဒ် အားဖြင့် ကာရန်သုံးပိုဒ်လုံးကို (၁) ပသတ် (၂) မသတ်
(၃) တသတ် (၄) နသတ် (၅) ညသတ် (၆) ယ သတ် ဟူသော အသတ် ခြောက်ပါးတို့တွင်  တပါးပါးနှင့် အသတ်ကာရန် သုံးချက်စေ့အောင်
အညီအညွတ်စပ်ထားသော အစပ်မျိုးကိုခေါ်သည် ။
(ဥပမာ) နေမိဘုံခန်းပျို့ တွင်
 "  နံ့မြူးကဲ  လွန် ၊ ဖြိုးဖြိုး ၀ှန်လျက် ၊ ချီချန် ဘွင့် နှင့် "
ဟုစပ်ဆိုရာတွင်  (လွန်) (၀ှန်) (ချန်) ဟူသောကာရန်သည် ၊ (န)သတ်ချည်း သက်သက် သုံးချက်စေ့အောင် အညီအညွှတ် စပ်ဆိုထားသောကြောင့် သတ်စေ့နှက် သုံးချက်ညီ စပ်နည်းဟုခေါ်ပါသည် ။
အခြားမျိုးကွဲအခေါ်များဖြစ်သော (က) မန်ကျည်းရွက်ထပ်စပ်နည်း (ခ) သုံးချက်ညီနဘေစပ်နည်း (ဂ) လွှချင်းသံ သုံးချက်ညီစပ်နည်း
ဟူ၍ စပ်နည်းအလိုက် ခေါ်ကြပါသေးသည် ။
မှတ်ချက် ။         ။ အစပ် (၆)မျိုးတွင်  ယ္ခု ပြခဲ့ပြီးသော သက်စေ့နှက် သုံးချက်ညီ စပ်နည်းသည် ၊ အကောင်းဆုံးသောစပ်နည်းဖြစ်သည် ။
                (၂)  ဘီလူးရယ်စပ်နည်း
ဘီလူးရယ်စပ်နည်းဆိုသည်မှာ  ကာရန်သုံးချက် မညီပဲ နှစ်ချက် ဖြင့်သာ ယိမ်းယိုင်၍ ဘီလူးရယ်သကဲ့သို့ မဖွယ်မရာ စပ်နည်း မျိုးကိုခေါ်သည် ။
(ဥပမာ) (စတုဓမ္မသာရပျို့တွင်)
            "  ယူခဲ့မကြွင်း ၊ ပင်ရင်း ကပ်ချဉ်း ၊ ခက်မျဉ်း ကိုင်းညွတ် "
ဟုစပ်ဆိုရာတွင် (ကြွင်း) နှင့် (ရင်း) ၊ (ချဉ်း)နှင့် (မျဉ်း ) ကာရန်တို့သည် အပိုဒ်သုံးချက်မငဲ့ဘဲ  နှစ်ချက် နှစ်ချက်ဖြင့်သာစပ်၍ သုံးချက်ညီ စပ်နည်းမှ ယိမ်းယိုင်၍ စပ်ထားသောကြောင့် ဘီလူးရယ်စပ်နည်းခေါ်ပါသည် ။
မှတ်ချက် ။          ။ ဘီလူးရယ်စပ်နည်းသည် အစပ်(၆)မျိုးတွင် အညံ့ဆုံးစပ်နည်းဖြစ်သည်ဟု ကဗျာပညာရှိ တို့ အမှာရှိခဲ့သည် ။
                 (၃) ဦးတိုက်စပ်နည်း
ဦးတိုက်စပ်နည်း ဆိုသည်မှာ ကာရန်နှစ်ပိုဒ်တို့တွင် ပထမပိုဒ်၏အဆုံးကာရန်နှင့် ဒုတိယပိုဒ်၏ အစကာရန် ကိုဦးတိုက်စပ်နည်းမျိုး ဖြစ်သည် ။
(ဥပမာ) (ဘူရိဒတ် ဇာတ်ပေါင်းပျို့တွင် )
           " ပါဏာတိ ပါတ် ၊ သတ် သည်သူ့သက် "
ဟုစပ်ဆိုရာတွင်  ပထမပိုဒ်၏အဆုံးဖြစ်သော (ပါတ်) ကာရန်နှင့် ဒုတိယပိုဒ်၏အစဖြစ်သော ( သတ်) ကာရန်သည် ဦးတိုက်၍ စပ်ထားသောကြောင့် ဦးတိုက်ကာရန် စပ်နည်း ဟုခေါ်ပါသည် ။ ၄င်းစပ်နည်းကို   (က) ရထားပြေးစပ်နည်း (ခ) ရှင်ရဌသာရ စပ်နည်းဟု
လည်းခေါ်ကြပါသည် ။
 
                 (၄) ချိန်ခွင်လျှာ စပ်နည်း
ချိန်ခွင်လျှာ စပ်နည်းဆိုသည်မှာ ချိန်ခွင်လျှာသည် အလည်ဗဟို၌ တည့်တည့် နေသကဲ့ သို့ ကာရန်သုံးပိုဒ်တို့တွင် အလယ်ဖြစ်သောကာရန်သည် ရှေ့နောက်ဝဲယာ မလိုက်ပဲ စပ်ထားသောနည်းမျိုးဖြစ်သည် ။
(ဥပမာ)  (ဘူရိဒတ် ဇာတ်ပေါင်းပျို့တွင် )
            " မည်လျှင်မတိမ် ၊ ကုက္ကို ထိန် ဟု ၊ ချုပ် ငြိမ် သာယာ "
ဟု  စပ်ဆိုရာ၌ (တိမ်) (ထိန်) (ငြိမ်) ကာရန် သုံးပိုဒ်တို့တွင် ပညတ်သံဖြစ်သော (န်) သည် ပရမတ်သံ ဖြစ်သော (မ်) နှစ်ချက်ဖက်သို့ မလိုက်ပဲ အလည်တွင်  စပ်ထားသောကြောင့် ချိန်ခွင်လျှာ စပ်နည်း ဟုခေါ်သည် ။ ဦးတိုက်စပ်နည်းဟုလည်းခေါ်ကြသေးသည် ။
မှတ်ချက် ။           ။ ဤ စပ်နည်းမျိုးသည် ကဗျာပညာဂုဏ်နှင့်ပြည့်စုံပြီးသော ဆရာကြီးများ ရေးစပ်မိရာ၌ ထေးဖာရန် စပ်နည်းမျှသာဖြစ်သည် ၊ သာမန် ကဗျာဆရာတို့ မရေးအပ်ဟု မှတ်သားဖူးသည် ။
                  (၅) ထိပ်ချင်း ခတ်စပ်နည်း
ထိပ်ချင်းခတ် စပ်နည်းဆိုသည်မှာ ကာရန်သုံးပိုဒ်တို့တွင် ပထမပိုဒ်နှင့် ဒုတိယပိုက်တို့၌ ပညတ်သံ ၊ လဟုသံ ၊ အနိစ္ဆိ တသံ ဖြစ်သော အသတ်မျိုးကိုစပ်ထား၍ တတိယပိုဒ်၌ ပရမတ်သံ ၊ ဂရုသံ ၊ က္ကုစ္ဆိတသံ ဖြစ်သော အသတ်မျိုးကိုစပ်ထားလျက် အသံထိပ်ချင်း ခတ်၍ စပ်ထားသောနည်းကိုခေါ်သည် ။
(ဥပမာ ) (စတုဓမ္မ သာရပျို့ တွင် )
            " ဤ စာကိုးခန်း ၊ ပုလဲ ပန်းဖြင့် ၊ စိတ် ကြမ်း မာန်လျှော့  "
 ဟုစပ်ဆိုရာ၌ (ခန်း) (ပန်း) ဟူသော လဟုသံ ကို (ကြမ်း) ဟူသော ဂရုသံ ဖြင့် ထိပ်ချင်း ခတ်စပ်ထားသောကြောင့် ထိပ်ချင်ခတ် စပ်နည်းဟုခေါ်သည် ။
                    (၆) ထိပ်ချင်းချွတ် စပ်နည်း
ထိပ်ချင်းချွတ်စပ်နည်း ဆိုသည်မှာ ကာရန်သုံးပိုဒ်တို့တွင် ပထမပိုဒ်၌ ပရမတ်သံ ၊ ဂရုသံ ၊ က္ကုစ္ဆိတသံဖြစ်သော အသတ်မျိုးကို စပ်ထား၍ ဒုတိယပိုဒ် ၊ တတိယပိုဒ်တို့၌ ပညတ်သံ ၊ လဟုသံ ၊ အနိစ္ဆိတသံ ဖြစ်သော အသတ်မျိုးကို စပ်ထားလျှက်အစပ်ချင်း မညီမညွတ် လွဲမှားစွာ စပ်ထားသောနည်းမျိုးကိုခေါ်သည် ။
(ဥပမာ)   ( စတုဓမ္မသာရပျို့တွင် )
              "  ပါဠိသ ရုပ် ၊ ပတ်တ ကုတ် ကို ၊ ဖွေ ထုတ် ကျမ်းလာ "
ဟုစပ်ဆိုရာတွင် (ရုပ်) ဟူသော ပထမကာရန် အသံထက် (ကုတ်)(ထုတ်) ဟူသော ဒုတိယ ၊ တတိယကာရန် အသံတို့က ပေါ့သွားသဖြင့်
ဂရုသံမှ ချွတ်ယွင်း၍  လဟုသံဖြင့် စပ်ထားသောကြောင့် ထိပ်ချင်းချွတ် စပ်နည်းခေါ်သည် ။  ဤ သို့ဖြင့် အစပ်(၆)ပါးရှိပါသည် ။
ဆက်ရန်........
မရှိမာန အတိဂါရ၀ဖြင့်
ညီသုတ(ပြည်)
Views: 87
Views: 23

ဗုဒ္ဓဘာသာ

                             "ဗုဒ္ဓဘာသာ"
                                                                       

     မြတ်စွာဘုရား၏ အယူဝါဒတော်နှင့် မြတ်စွာဘုရား၏ စကားတော် (ပိဋကတ် သုံးပုံ) တို့ကို " ဗုဒ္ဓဘာသာ" ဟုခေါ်ပါသည် ။
ဗုဒ္ဓဿဘာသာတိ ဗုဒ္ဓဘာသာ ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရား၏ ။ ဘာသာ ၊ အယူဝါဒတော်တည်း (၀ါ) စကားတော် (ပိဋကတ် သုံးပုံ)
တည်း ။    က္ကုတိတသ္မာ ၊ ထို့ကြောင့် ။ ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဘာသာမည်၏ ။
      မြတ်စွာဘုရား အပါအ၀င် ရတနာ သုံးပါး ကိုးကွယ်ဆည်းကပ်ကြသော ပုဂ္ဂိုလ်များကိုလည်း " ဗုဒ္ဓဘာသာဝင် " ဟုခေါ်ပါသည် ။
" ဗုဒ္ဓဿဘာသာ ဧတေသန္တိ ဗုဒ္ဓဘာသာ " ။ ဧတေသံ ၊ မြတ်စွာဘုရားကို (၀ါ) ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ကြသော ဤ
ပုဂ္ဂိုလ်တို့အား ။ ဗုဒ္ဓဿ ၊ မြတ်စွာဘုရား၏ ။ ဘာသာ ၊ အယူဝါဒတော်သည် (၀ါ) စကားတော်(ပိဋကတ်သုံးပုံသည် ။ အတ္ထိ ၊ ရှိ၏ ။
က္ကုတိတသ္မာ ၊ ထို့ကြောင့် ။ ဗုဒ္ဓဘာသာ ၊ ဗုဒ္ဓဘာသာတို့မည်ကုန်၏ ။
       မြတ်စွာဘုရား၏ အကြောင်းအရာ အတ္ထုပ္ပတ္တိတော်ကို " ဗုဒ္ဓ၀င် " (ဗုဒ္ဓ၀ံသ) ဟုခေါ်လေရာ မြတ်စွာဘုရားအကြောင်းအရာ ကို
ဖော်ပြသော ကျမ်းစာကို "ဗုဒ္ဓ၀င်" ကျမ်းဟုခေါ်ပါသည် ။ မြန်မာလူမျိုးများ ဗုဒ္ဓဘာသာဝင် ဖြစ်လာခဲ့ကြသည်မှာ ကြာခဲ့ပါပြီ ။ စင်ကြယ်
သော ထေရ၀ါဒဗုဒ္ဓဘာသာသည် ၁၁ ရာစုနှစ် ပုဂံခေတ်အနော်ရထာ မင်းတရားလက်ထပ်က စတင်ခဲ့ပါသည် ။ ဗုဒ္ဓဘာသာမှန်သမျှ
ရဟန်းရှင်လူအားလုံး ဗုဒ္ဓအကြောင်း ၊ ဓမ္မအကြောင်း ၊ သံဃာ့အကြောင်းများကို နားလည်သိရှိထားကြရန်လိုအပ်လှပါသည် ။
ထိုသို့နားလည်ထားမှသာလျှင် ကိုယ့်ဘာသာကိုယ့် သာသနာကို ကြည်ညိုလေးစား တန်ဘိုးထားရမယ်မှန်း သိမှာဖြစ်ပါသည် ။
        ဗုဒ္ဓအကြောင်းသိရှိနားလည်ရန် ဗုဒ္ဓ၀င်စာအုပ်များကို ဖတ်ရှု့လေ့လာကြရမှာဖြစ်ပါသည် ။ ဓမ္မအကြောင်းသိရှိနားလည်ရန်
တရားစာအုပ်များကို ဖတ်ရှု့လေ့လာမှတ်သားကြရမည် ။ ဓမ္မကထိက ဆရာတော်များ ဟောသော တရားတော်များကို နာယူမှတ်သား
ထားသင့်သည် ။ သံဃာ့အကြောင်းသိရှိနားလည်ရန် သံဃာတော်များအကြောင်း ပါရှိသော ကျမ်းဂန်များနှင့် မျက်မြင်ကိုယ်တွေ့
သံဃာတော်အရှင်မြတ်များ၏ ကျင့်ကြံနေထိုင်ပုံများကို လေ့လာမှတ်သားကြရပါမည် ။
          ဗုဒ္ဓ(ဘုရား)အကြောင်းကို ဂဃနဏသိမှ ဗုဒ္ဓ(ဘုရား)ကို လေးလေးနက်နက်ကြည်ညိုနိုင်ပေမည် ။ ထို့တူ ဓမ္မ (တရား)
အကြောင်း ၊ သံဃ(သံဃာ)အကြောင်းများကို ကောင်းမွန်စွာသိမှ တရားတော် သံဃာတော်များကို လေးနက်စွာ ကြည်ညိုနိုင်
ကြမည်ဖြစ်ပါသည် ။ ဗုဒ္ဓ ၊ဓမ္မ ၊ သံဃ ၊ အကြောင်းကို ပြည့်စုံအောင်မသိ၍ ဗဟုသုတရှာမှီးလိုသူတို့အတွက်သော် လည်းကောင်း ၊
ဘာသာတရား၏ အစစ်အမှန် အနှစ်သာရကိုမသိရှိ၍ အခြေမခိုင် ယိုင်လုလုဖြစ်နေသော မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တို့အတွက်
သော်လည်းကောင်း ၊  သိပါစေ ၊ ပညာဗဟု တိုးပွါးနိုင်ပါစေ  ဗုဒ္ဓဘာသာဖြစ်ရခြင်း၏ အပေါ်ဂုဏ်ယူဝမ်းမြောက် ကြည်နူးနိုင်ကြ
ပါစေခြင်းငှာ ဗုဒ္ဓ၀င် အကျဉ်းအား ရှေးဆရာ့ဆရာအပေါင်း၏ ကျေးဇူးဂုဏ်ကိုငဲ့ကွက်လျှက် မူမပျက် အဓိပ္ပါယ်မယွင်းပဲ အခန်းဆက်
အနေနှင့်ဖော်ပြပေးသွားပါမည် ။

                    " ဂေါတမ  ဘုရားလောင်း ဆုပန်ခန်း "
       ကျွန်ုပ်တို့ ဂေါတမ ဘုရားလောင်းသည် -မရေမတွက်နိုင် မှတ်သားထားခြင်းငှာ မစွမ်းနိုင်သော မဟာကပ်ပေါင်း
အသင်္ချေယျတို့တွင် ၊ နန္ဒအသင်္ချေ ၊ သုနန္ဒအသင်္ချေ ၊ ပထ၀ီအသင်္ချေ ၊ မဏ္ဍအသင်္ချေ ၊ ဓရဏီအသင်္ချေ ၊ သာဂရအသင်္ချေ ၊
ပုဏ္ဍရီကအသင်္ချေ ၊ တည်းဟူသော ခုနစ်အသင်္ချေ အတွင်း၌ ပွင့်တော်မူကုန်သော " ဗြဟ္မဒေ၀" အစရှိကုန်သော တစ်သိန်း
နှစ်သောင်း ငါးထောင် (၁၂၅၀၀၀) ကုန်သောဘုရားရှင်တို့ကို ဖူးမြင် တွေ့ကြုံရသဖြင့် ဓမ္မ ဒေသနာကို ကြားနာရလေလျှင်
ဘုရားဖြစ်ချင်သော စိတ်တော်ရှိလှ၍ ဒသပါရမီ ငါးလီ သောပရိစ္စာဂ (ပါရမီ ဆယ်ပါး ၊ စွန့်ခြင်းကြီး ငါးပါး) တို့ကို တစ်စ
တစ်စဖြည့်ကျင့်တော်မူလေသည် ။
ဆက်ရန်
ညီသုတ(ပြည်)
25/4/2012
ညနေပိုင်း  4း58
Views: 486

ဗုဒ္ဓဘာသာ အပိုင်း(၂)

                        "ဗုဒ္ဓဘာသာ  အပိုင်း(၂)"
   ( စကားပလ္လင်)  တာဝန်သိသူတွင် တာဝန်ရှိ၏
                        တာဝန်ရှိသူတွင်  တာဝန်ကျေပွန်သင့်သည် ။         ။ အဘယ်မည်သော ပုဂ္ဂိုလ်ပြောခဲ့သောစကား
ဖြစ်သည်ကို ကျွန်ုပ် မမှတ်မိပါ ။ သို့သော် ထိုစကားအားကြိုက်မိပါသည် ၊ ယနေ့ခေတ်အခြေအနေ သည် နည်းပညာ
ပိုင်းဆိုင်ရာ အဘက်ဘက်မှ တိုးတက်နေသော်ငြားလည်း ဘာသာရေးရှု့ထောင့်မှ သုံသပ်ကြည့်လျှင် ဗုဒ္ဓဘာသာဝင်အ
ချို့တို့မှာ ဘာသာရေးဘက်တွင်" တက်တိုး နေကြသော" ညှပ်ပူးညှပ်ပိန် အခြေအနေတွင် ရပ်တည်လျှက် ကောင်းနိုး
ရာရာ ၀ါဒများကို ကိုင်စွဲကြပြီး ဗုဒ္ဓဘာသာအမည်ခံများလာကြပါသည် ။ ဘာသာရေးအခြေခံအားနည်းလာသည်နှင့်အမျှ
မဟာယန ၊ ဟီနာယန ၊ တန္တျာယန များကို ထေရ၀ါဒနှင့်ရောသမမွှေကာ ပြုလုပ်ချင်တိုင်းလုပ်လျှက်ရှိနေကြပါသည် ။
တိုင်းပြည်အုပ်ချုပ်သော အစိုးရမှအစပြု၍ သာသနာပိုင်းဆိုင်ရာပုဂ္ဂိုလ်အချို့တို့အလယ် တောင်ယာလယ်လုပ်ဓါးမခုတ်
လူတန်းစားတို့အဆုံး ၊  ရောသမမွှေ ဘာသာရေးကို လက်ခံယုံကြည်လျှက်ရှိနေကြသည့်အတွက် သာသနာနောင်ရေး
ရတက်မအေးနိုင်ဖြစ်ရပါသည် ။ ထို့ကြောင့် ထေရ၀ါဒစစ်စစ်ကိုယ်သာ လက်ခံယုံကြည်သော (၀ါ) မည်သည့်ကိုးကွယ်
မှုနှင့်မျှ ရောထွေးခြင်းမရှိသော (၀ါ) မြတ်စွာဘုရား ပရိနိဗ္ဗန် ပြုပြီး အရှင်မဟာကဿဖအစရှိသော မဟာထေရ် အရှင်
မြတ်တို့ ညီညွတ်စွာ သင်္ဃာယနာတင်ပြီးဖြစ်သော ထေရ၀ါဒ ဗုဒ္ဓသာသနာစစ်စစ်ကိုသာ လက်ခံယုံကြည်တက်သော
(၀ါ) ညီသုတဟုခေါ်သော အညတရ စာရေးသူပေါက်စနအသေးအမွှားလေးသည် ၊ ဗုဒ္ဓဘာသာ ဗုဒ္ဓဘာသာတို့၏ကောင်း
ကျိုးတရားကိုရည်မျှော်၍ မိမိတွင် တာဝန်ရှိသည်ဟုမှတ်ယူကာ ဗုဒ္ဓ၏ဖြစ်တော်စဉ် (အထုပ္ပတ္တိ-ဗုဒ္ဓ၀င်)နှင့် ဗုဒ္ဓဘာသာ
ဝင်အပေါင်းတို့ ကိုးကွယ်ဆည်းကပ်သော တရားဓမ္မတို့ကို  ပါဠိပိဋကတ် အာစရိယ ပရမ္ပရ၀ါဒ ၊ မိမိ၏ အတ္ထနောမတိ
တို့ကိုယ်ပါပေါင်းစပ်၍  ၊ ဤ ဗုဒ္ဓဘာသာဟုအမည်ပေးထားသော ဗုဒ္ဓ၀င်  အပိုင်း(၂)ကို ဆက်၍ ရေးသားလိုက်ရပါသည် ။
                                       " သုမေဓာရသေ့ ဘ၀ "
               သဗ္ဗဘဒ္ဒ အသင်္ချေ ၊ သဗ္ဗဖုလ္လ အသင်္ချေ ၊ သဗ္ဗရတန အသင်္ချေ ၊ ဥသဘက္ခန္ဓ အသင်္ချေ ၊ ခန္ဓုတ္တမ အသင်္ချေ ၊
မာဏိတ အသင်္ချေ ၊ ဘဒ္ဒအသင်္ချေ ၊ ပဒုမ အသင်္ချေ ၊ သဗ္ဗဘလ္လ အသင်္ချေ တည်းဟူသော ကိုးအသင်္ချေထက်၌ ပွင့်တော်မူ
ကြကုန်သော ၊ ပေါရာဏ သကျဂေါတမ အစရှိကုန်သော (၃၈၇၀၀၀)ကုန်သော ဘုရားရှင်တို့အား ပစ္စည်းလေးပါးဖြင့်
လှူဒါန်းပူဇော်ကာ တရားတော်ကိုနာကြားပြီး " နောင်သောအခါ  ငါသည်လည်း လူတွင်ထင်ရှား ဘုရားစင်စစ်ဖြစ်စေသော် "
ဟုနှုတ်ရောစိတ်ပါ ပတ္ထနာပြု၍ ပါရမီဆယ်ပါး အပြားသုံးဆယ် စွန့်ခြင်းကြီးငါးပါး အစရှိသော အကျင့်တို့ကို အမြဲဖြည့်ကျင့်
တော်မူသဖြင့် " သုမေဓာ ရသေ့" အဖြစ်သို့ ရောက်တော်မူသည် ။
                                            " ဝေဿန္တရာ မင်းကြီးဘ၀ "
                ထိုမှစ၍ သေလအသင်္ချေ ၊ ဘာသအသင်္ချေ ၊ ဇေယျအသင်္ချေ ၊ ရုစိယ အသင်္ချေ ၊ တည်းဟူသော
လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်၌ ပွင့်တော်မူကြကုန်သော နှစ်ကျိတ်  ခုနှစ်ဆူကုန်သော ဘုရားရှင်တို့တွင် ဒီပင်္ကရာ
မြတ်စွာဘုရားမှစ၍နိယတဗျာဒိတ်ကိုခံရလျက် ဗောဓိသမ္ဘာရ အပေါင်းကို ဖြည့်တော်မူကာ အစဉ်လာသဖြင့် ဤ ကမ္ဘာဝယ်
မဟာသမ္မတမင်း တစ်ကြိမ် ၊ သုဒဿန၀ရ မန္ဓာတ်မင်း တစ်ကြိမ် ၊ မဃဒေ၀မင်း တစ်ကြိမ် ၊ နေမိမင်း တစ်ကြိမ် ၊ တေမိမင်း
တစ်ကြိမ် ၊ သိဝိရာဇ် ၊ စန္ဒကုမာရ ၊ မဟာဂေါဝိန္ဒ ၊ အကိတ္ထိဗြာဟ္မဏ ၊ ဓနဉ္စယ ၊ သသရာဇ ၊ ဟတ္ထိပါလ ၊ ဘူရိဒတ္တ ၊
စမ္ပေယျ ၊ စူဠဗောဓိ ၊ မဟိံသ ၊ ရုရုမိဂ ၊ မာတင်္ဂ ၊ ဓမ္မဓဇ ၊ ဇယဒိသ ၊ သင်္ခပါ လ ၊ ယုဓဉ္စယ ၊ သောမနဿ ၊ အယောဃရ ၊
သောဏဒန္တ ၊ ကပိရာဇ ၊ သစ္စယုဝ ၊ ၀ဋ္ဋ ပေါတက ၊ မစ္ဆရာဇ ၊ ကဏှဒီပါယန ၊ မဟာသုတသောမ ၊ သုဝဏ္ဏသာမ ၊
ဧကရာဇ ၊ မဟာလောမဟံသ တစ်ကြိမ်စီအားဖြင့် သုံးဆယ့်ငါး ဘသဖြစ်တော်မူ၍ ဆောက်တည်သော ပါရမီရင့်သန်သဖြင့်
" ဝေဿန္တရာမင်း "  အဖြစ်သို့ ရောက်တော်မူပါသည် ။
                                            "  သေတကေတု နတ်သားဘ၀ "
                 ဝေဿန္တရာမင်းဘ၀မှ စုတေလေသော် တုသိတာနတ်ပြည်တွင်  " သေတကေတု " နတ်မင်းဖြစ်၍
နတ်တို့၏အရေအတွက်အားဖြင့် အနှစ် လေးထောင် ၊ လူတို့၏အရေအတွက်အားဖြင့်  င်းဆယ့်ခုနှစ်ကုဋေ ခြောက်သန်း
စေ့အောင် နတ်စည်းစိမ်းကိုခံစား၍ နေတော်မူစဉ် လူတို့ပြည်၌  အနှစ်တစ်ထောင်ကပင်  " လူတွင်ထင်ရှား ဘုရားဖြစ်လတ္တံ"
ဟူ၍ ဗုဒ္ဓကောလာဟလ ဖြစ်လေသော် စကြ၀ဠာ တစ်သောင်း၌ ရှိကုန်သော သိကြား ၊ သုယာမ ၊ သန္တုသိက ၊ သုနိမ္မိတ၊
ဝသ၀တ္တိ ၊ မဟာဗြဟ္မာ အပေါင်းတို့သည် လေ့လာစုံစမ်းကြည့်လေသော် အလောင်းတော်နတ်သားကိုမြင်၍ ထက်ဝန်းကျင်
အရပ်မျက်နှာတို့မှ လာကြကုန်လျက် " အလောင်းတော်နတ်သား.....ဘုရားဖြစ်ချိန်တန်ပါပြီ ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်
ဖြစ်တော်မူပါ ၊ သတ္တ၀ါ အပေါင်းတို့ကို ကောင်းမြတ်သော အမြှိုက်ရေအေးဖြင့် တိုက်ကျွေးတော်မူပါ "  ဟု နတ်ဗြဟ္မာ
အပေါင်းတို့သည် တောင်းပန်ကြကုန်၏ ။ ထိုသို့တောင်းပန်သော်လည်း အလောင်းတော်နတ်သားသည် ၀န်ခံတော်မမူသေးပဲ
ဘုရားဖြစ်ထိုက်သော ကာလ ၊ ဖြစ်ရာဒီပ ၊ ဖြစ်ရာအရပ် ၊ ဖြစ်ရအံ့သောအမျိုးအနွယ် ၊ မယ်တော်၏ အသက်အပိုင်းအခြား ၊
တည်းဟူသော ကြည့်ည့်ခြင်းကြီး ငါးပါးကို ကြည့်တော်မူလေသည် ။
ဆက်ရန် -
ညီသုတ(ပြည်)
15း16
26/4/2012
Views: 306

ဗုဒ္ဓဘာသာ အပိုင်း( ၃ )

ဗုဒ္ဓဘာသာ အပိုင်း( ၃ )



( စကားဦး ) ဗုဒ္ဓဘာသာဝင်တိုင်း လေ့လာဆည်းပူးသင့်သော(ဗုဒ္ဓ၀င် - မြတ်စွာဘုရား အတ္ထုပ္ပတ္တိ ) ကို

ကျွန်ုပ်ရေး၍ ပို့စ်တင်သောအခါ မြန်မာနိုင်ငံတွင်း၌ ရှိကြသော စာဖတ်သူအချို့နှင့် ကမ္ဘာအရပ်ရပ်နိုင်ငံများတွင် ရောက်ရှိ

နေကြသော ဗုဒ္ဓဘာသာအပေါင်းတို့၏ အမျိုးမျိုးသော ဝေဖန်မှု အကြံပြုမှု ချီးမွန်း ကဲ့ရဲ့ ပြစ်တင်ရှုံ့ချမှုတို့ကို တချိန်တည်း

လက်ခံရရှိပါသည် ။ နိန္ဒာ ပသံသာ ၊ ချီးမွန်းခြင်း ကဲ့ရဲ့ခြင်းထိုနှစ်မျိုးလုံးကို ခံနိုင်ရည်ရှိအောင် အလေ့အကျင့်ပြုပြီးမှ

ကျွန်ုပ် ရေးခဲ့ခြင်းဖြစ်သည့်အတွက် ကျွန်ုပ်၌ ခံနိုင်ရည်ရှိပါသည် ။ ထို့ပြင်" ခန္တီ ပရမံတပ္ပေါတိတိက္ခာ" ဟူသော

မြတ်သောအကျင့်ကိုနှလုံးသွင်းထားသည့်အတွက်ကြောင့် မည်သို့ပင်ဝေဖန်စေကာမူ ကျွန်ုပ် မတုန်လှုပ်မိပါချေ ။

ကျွန်ုပ်၏ စကားဦး၌ ပါသော ( ယ္ခုရေးသော ဗုဒ္ဓဘာသာ အခန်းဆက်နှင့် နောင်လာမည့်အခန်း(အပိုင်း)

များအားလုံးသည် ၊ စာအုပ်တစ်အုပ်အတွင်းမှ ကူးချသောစာများမဟုတ်ပါ

ဘာသာရေးစာပေ ဖြစ်သည့်အတွက် ကျမ်းအစောင်စောင် ပေအမျိုးမျိုး လူပညာရှိ ရဟန်းပညာရှိများ

အသီးသီး၏ မူကွဲ ၀ါဒကွဲတို့ကို ညှိနှိုင်းပြီးမှ ပြန်လည်ရေးသားရခြင်းဖြစ်သည့်အတွက်

တခန်းပြီးတခန်းကျမ်းကိုးကျမ်းကားမဖော်ပြနိုင်သေးပါ ။

အခန်းအားလုံးပြီးလျှင် ကျမ်းညွှန်းနှင့်တကွ ဖော်ပြပေးပါမည် ။

ဘာသာရေးစာပေသည် သာမန်အထောက်အထားတခုတလေနှင့်မပြည့်စုံပါ

ကေစိဝါဒ ၊နာနာကဒါစိဝါဒ ၊ အာစရိယ ပရမ္ပရ၀ါဒ မိမိ၏ အတ္ထနောမတိတို့နှင့်ပါပေါင်းစပ်ရေးသားရပါသဖြင့်

အလုံးစုံပြီးသောအခါ ကျမ်းညွှန်းပေးပါမည် ။) အတ္ထနောမတိ (၀ါ) မိမိ၏ အယူအဆ ၊ ကိုယ်ပိုင်အတွေးအခေါ်ဟူသည်ကို

အနည်းငယ်ရှင်းပါမည် ။ ဗုဒ္ဓစာပေတွင် ပါဠိ အဌကထာ ၊ ဋိကာ အစရှိသဖြင့်ရှိပါသည် ၊ဗုဒ္ဓ၏နှုတ်မြွတ်တော်ဖြစ်သော

ပါဠိသက်သက်ဖြင့်ဖော်ပြရေးသားသော် ပါဠိမသိသူများအဘို့ နားလည်မည်မဟုတ်ပါ ၊ ထိုသောအခါနားလည်သိရှိ

သော ပါဠိကျမ်းတက်ပုဂ္ဂိုလ်များမှ နားလည်သောဘာသာစကားဖြင့် ဘာသာပြန်ကြရပါသည် ၊ ထိုသည်မှာ ဘာသာပြန်

သူ၏ အတ္ထနောမတိပင် မဟုတ်ပေလော ၊ တဖန် ဗုဒ္ဓ၀င်ကျမ်းများကိုရေးခဲ့ကြသော ကျမ်းပြုအကျော် ကျေးဇူးတော်ရှင်

ကြီးသဲ လေးထပ်ဆရာတော်ဘုရား ၊ မင်းကွန်းတိပိဋက ဆရာတော်ဘုရားတို့ခေတ် မြန်မာစာပေအရေးအသားအခေါ်

အဝေါ်နှင့် ယ္ခုခေတ် စာပေအရေးအသားအခေါ်အဝေါ်ခြင်း မတူတော့သည်ကို စာဖတ်သူများ သိမည်ဖြစ်ပါသည် ။

ထိုသို့ မတူညီသော မြန်မာစာပေအဆင့်ဆင့် ပြောင်းလည်းမှုတို့ကို ခေတ်နှင့်အညီ မူရင်းစာရေးသူများ၏ လိုရင်း

အဓိပ္ပါယ် မြတ်စွာဘုရား၏ ပိဋကတ်တော်နှင့်လည်းမဆန့်ကျင်အောင် ယ္ခုခေတ်စာဖတ်သူများလည်းအလွယ်တကူ

သဘောပေါက်နားလည်အောင် စာရေးသူတို့၏အတက်ပညာနှင့် ချယ်မှုန်းရခြင်းသည် အတ္ထနောမတိဟုခေါ်သော

မိမိ၏အယူအဆပင်မဟုတ်လော ။ ကျွန်ုပ်ပြောလိုသော အတ္ထနောမတိ (မိမိအယူအဆ တွေးခေါ်မှု) ဆိုသည်မှာ

ထိုကဲ့သို့မျိုးဖြစ်ပါသည် ။ စာဖတ်သူအပေါင်းအားလေးမြတ်စွာ ၀န်ခံလိုသည်မှာ ကျွန်ုပ်ညီသုတသည် ကျမ်းတက်

အကျော် ပညာရှိက၀ိတစ်ဆူမဟုတ်ပါ ငယ်ရွယ်နုပျိုသော လူငယ်တယောက် လူသားတယောက်မှ ဘာသာရေးအသိ

စိတ်ကြောင့် ဤမျှ ကြီးကျယ်ခန်းနားသော ဗုဒ္ဓ၀င်တော်များကို လက်လှမ်းမှီသလောက် စာဖတ်သူများနှင့်မိတ်ဆက်ပေး

သူသာဖြစ်ပါသည် ။ ကမ္ဘာအရပ်ရပ်ရှိ နိုင်ငံအသီးသီးမှ မက်ဆေ့ခ်ျပို့၍ ဝေဖန်ကဲ့ရဲ့သူများနှင့် ချီးမွန်းထောပနာပြု သာဓုပေးကြသော

ပုဂ္ဂိုလ်အပေါင်းအား ဤ (စကားဦး)ဖြင့် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ပြန်ကြားပေးပါသည် တမုံ့.......။



" ကြည့်ခြင်းကြီးငါးပါးကို ကြည့်တော်မူခြင်း "

ကြည့်ဟန်ကား -

(၁) လူတို့အသက် အသင်္ချေမှသည် တစ်သိန်းတမ်း၏အထက် တိုင်သောကာလသည် ဇာတိ ၊ ဇရာ ၊ ဗျာဓိ ၊

မရဏ တို့ ကာလကွာဝေး၍ လက္ခဏာရေးသုံးပါးနှင့်စပ်သော တရားစကားကိုဟောပြငြားသော်လည်း တရားကိုမယုံကြည်

ပေရာ ၊ အကျိုးမဲ့သာဖြစ်မည်ကြောင့် မြတ်စွာဘုရားတို့ ပွင့်ထိုက်သောကာလမဟုတ်ချေ ။ လူတို့အသက်တစ်ရာမှ ဆုပ်ယုတ်

သောအခါတွင်လည်း သတ္တ၀ါတို့သည် ကိလေသာ ပြန့်ပြော၍ လောဘ ၊ ဒေါသ ၊ မောဟ တရားများပြားသောကြောင့် ဆုံး

မဟောကြားသော တရားဒေသနာတော်ကိုလိုက်နာ၍ မကျင့်လိုကုန် ၊ အကျိုးမဲ့သာဖြစ်လေရာသောကြောင့် မြတ်စွာဘုရားတို့

မပွင့်ကုန် ။ အသက်တစ်သိန်းမှသည် တစ်ရာတမ်းတိုင်ရုံသော ကာလသည်သာလျှင် ဘုရားဖြစ်ထိုက်သော ပွင့်ထိုက်သော

အခါဖြစ်သည် ။ယ္ခုလည်း လူတို့အသက် တစ်ရာရှည်သောအခါ ဖြစ်၍ ဘုရားဖြစ်ခြင်းငှာ( ပွင့်ခြင်းငှာ) သင့်ပေသည် ။

(၂) ဘုရားဖြစ်ရာ ဒီပ(ကျွန်း - အရပ် ) လည်း အကျယ်အားဖြင့် ယူဇနာ တစ်သန်းနှစ်သိန်း သုံးထောင် လေးရာ့

ငါးဆယ် (၁၂၀၃၄၅၀) ကျယ်ဝန်းသော စကြာဝဠာ၏ အတွင်း၌ ကျွန်းငယ်ပေါင်း ငါးရာစီ ငါးရာစီ ချန်ရံလျှက် လေးရပ်

သော ဒီပတွင်(အရပ်လေးမျက်နှာ) မြင်းမိုရ်တောင်မှ လက်ယာဝယ် ယူဇနာတစ်သောင်းရှိသော ဇမ္ဗူဒိပ်ကျွန်းသည်သာ

မြတ်စွာဘုရားတို့ ပွင့်ရာအရပ်ဖြစ်သည် ။

(၃) ထိုဇမ္ဗူဒိပ်ကျွန်းတွင်မှလည်း တောနေသုံးထောင် ၊ ရေနေလေးထောင် ၊ လူနေသုံးထောင် ရှိသည်တွင်

လူနေသုံးထောင်၏ အလယ်၌ တောင်မြောက်အလျား ယူဇနာသုံးရာ ၊ အရှေ့အနောက် အနံအားဖြင့် ယူဇနာနှစ်ရာ့ငါးဆယ်

အ၀န်း ယူဇနာ ကိုးရာရှိသော အရှေ့သို့သွားသော် ဂဇင်္ဂလနိဂုံး ၊ အရှေ့တောင်သို့သွားသော် သလ္လ၀တီမြစ် ၊ တောင်ဘက်သို့

သွားသော် သေတကဏ္ဏိကနိဂုံးရွာ ၊ အနောက်သို့သွားသော် ထူဏမည်သော ပုဏ္ဏားရွာ ၊ မြောက်အရပ်သို့သွားသော် ဥသီရဒ္ဓ

ဇတောင် ဤနိမိတ် ငါးရပ်တို့ဖြင့် သတ်မှတ်အပ်သော မဇ္ဈိမဒေသ အရပ်၌သာလျှင် ဘုရားအဆူဆူတို့ ပွင့်ရာအရပ်ဖြစ်သည် ။

( ၄) လူမျိုးလေးပါးတို့တို့တွင်လည်း မင်း ပုဏ္ဏားမျိုးတို့သည် လူတို့ လေးစားကိုးကွယ်ရိုသေရာဖြစ်၍ ဤနှစ်

မျိုးတို့၌သာ ဘုရားရှင်တို့ဖြစ်ကြကုန်သည် ။ ထိုအမျိုးနှစ်စုတို့တွင်လည်း ယခုအခါ မင်းမျိုးသာလျှင် သင့်မြတ်ချေသည် ။

ထိုမင်းမျိုးတို့တွင်လည်း သက္ကတိုင်းကပိလ၀တ်ပြည်ကိုအစိုးရသော သုဒ္ဓေါဓနမင်းကြီးသည် မဟာသမ္မတမင်းမှစ၍ သုံးသိန်း

သုံးသောင်း လေးထောင်ငါးရာ ခြောက်ကျိပ်ခုနှစ်ပါးသော ဥက္ကာဝံသ မဟာဝံသ အသမ္ဘိန္န ခတ္တိယအစစ်ဖြစ်ပေသည် ။

(၅) ထိုမင်း၏ မိဖုရားသည်လည်း လော်လည်ခြင်းငါးပါး ၊ ရန်မူခြင်းကိုးပါး အယုတ်တရားတို့မှကင်းလျက်

မကျိုးမပျက်သော ငါးပါးသီလရှိရကား ငါ့အမိဖြစ်ခြင်းငှာထိုက်၏ ။ အာယုပရိစ္ဆေဒ(အသက်အပိုင်းအခြား)လည်း ဆယ်လ၏

အထက်၌ ခုနှစ်ရက်သာကြွင်းတော့သည် ။

ထိုကဲ့သို့ ကြည့်တော်မူ၍ ပြည့်စုံစွာမြင်လေလျှင် နေရပ်အသီးသီးမှတောင်းပန်ကြသော နတ် ၊ ဗြဟ္မာအပေါင်းတို

အား ကောင်းပြီဟု ၀န်ခံတော်မူသည် (ဘုရားဖြစ်ရန်လက်ခံတော်မူသည်) ။

" ဘုရားလောင်း ပဋိသန္ဓေ နေတော်မူခြင်း "

ဘုရားဖြစ်ရန်ဝန်ခံပြီးမှ နတ်အပေါင်းခြံရံလျက် နန္ဒ၀န် အမည်ရှိသော နတ်ဥယျာဉ်သို့ဝင်၍စုတေခဲ့ပြီးသော်

အကျယ်အ၀န်းကိုးရာရှိသော မဇ္ဈိမဒေသအချက် သက္ကတိုင်း ကပိလ၀တ်ပြည် အာဒိစ္စ၀င်မင်းဖြစ်သော သိရီသုဒ္ဓေါဒန မိဖုရား

ခေါင်တောင်ညာစံဒေ၀ီဖြစ်သော သိရီမဟာမာယာ မိဖုရားကြီး၏ ၀မ်း၌ ပဋိသန္ဓေတည်နေတော်မူသည် ။

ပဋိသန္ဓေယူသောနေ့မှာ မဟာသက္ကရာဇ် ခြောက်ဆယ့်ခုနစ်ခု ၀ါဆိုလပြည့် ကြာသပတေးနေ့ ဥတ္တရာသာဠ်

နက္ခတ်နှင့် လနတ်ယှဉ်စံသော သန်းခေါင်ယံ အချိန်တွင် ပဋိသန္ဓေယူတော်မူသည် ။

ဆက်ရန်.......

ညီသုတ(ပြည်)

27/4/2012

16း45

pyay.

Tags: ကိုယ်ပိုင်ဘလော့

ဗုဒ္ဓဘာသာ အပိုင်း( ၄)

ဗုဒ္ဓဘာသာ အပိုင်း(၄)

"ပုဗ္ဗနိမိတ် ၃၂ - ပါး ထင်ရှားဖြစ်ခြင်း"

ပဋိသန္ဓေ စံနေတော်မူလျှင် -
(၁) မြေအပေါင်း တစ်သောင်းသောလောကဓာတ်တို့သည် တစ်ပြိုင်နက် ဆတ်ဆတ်ခါမျှ တုန်လှုပ်ကုန်သည် ။
(၂) ပူခြင်း ၊ ချမ်းခြင်းဟူသော ဥတုနှစ်မျိုး ကင်းငြိမ်း လေ၏ ။
(၃) လောကဓါတ်အလုံး ဆိတ်ငြမ်လျက် အသံမရှိ အနောက်ယှက်ကင်းသည် ။
(၄) လေပြင်းမုန်တိုင်း မလာ ၊ လေသာလေပြည် မြူးသည် ။
(၅) ဂင်္ဂါ ၊ ယမုနာစသော မြစ်အားလုံးတို့၌ ရေစီးခြင်းမရှိ ရပ်တန့်သည် ။
(၆) မြေ၌ပွင့်သော မြင်မြင်သမျှပန်း ၊ သစ်ပင်အပေါင်းတို့ နှာမောင်းဆင့်ကာဆင့်ကာ ပွင့်ကုန် ၊ သီးကုန်သည် ။
(၇) ကောင်းကင်ထက် ကွန့်မြူးကာ တည်သော အာကာသဌ ရတနာတို့သည် လွန်စွာအရောင်ထွက်ကုန်သည် ။
(၈) လူ့ပြည် နတ်ပြည်၌ရှိကုန်သော စည် ၊ စောင်း ၊ ပတ်သာ ၊ တူရိယာ အားလုံးတို့သည် မတီးမမှုတ်ဘဲ မည်ကုန်သည် ။
(၉) နတ်ပြည်၌ရှိသော ပန်း ၊ နံ့သာမိုးတို့သည် ဖြိုးဖြိုးပြည့်မျှ ရွာကုန်သည် ။
(၁၀) စကြာဝဠာ ကောင်းကင် ၊ မြေပြင်ရိုက်ဟည်းလျက် တော်လဲသံပဲ့တင်သံတို့ မည်ကုန်သည် ။
(၁၁) ငရဲကြီး ရှစ်ထပ်၌ မီးဟုန်အပူ ငြိမ်းသည် ။
(၁၂) မီးခိုး ၊ သူရိန် ၊ မြူတိမ် ၊ မိုးလျှံကင်းလျက် နေမင်း၏အရောင် တောက်ပသည် ။
(၁၃) နက္ခတ်တာရာ ကြယ်တကာတို့ နေ့အခါ၌ ညဉ့်မှာကဲ့သို့ မြင်ရသည် ။
(၁၄) မြေညစ်ကြေးကိုဆေးလျှော်သည့် ပမာ မိုးမရွဘြဲပင် ရေယာဉ်ဖြိုင်ဖြိုင်စီးသည် ။
(၁၅) တာရာအပေါင်း ၊ သောကြာ ၊ ဗုဒ္ဓဟူးစသော ဂြိုဟ်ကြယ်ပုံဆောင်တို့ အရောင် အလွန်ထွန်းပကြသည် ။
(၁၆) သတ္တဗီသနက္ခတ်တို့ ပြတ်သားစွာ ထင်မြင်သည် ။
(၁၇) ငွေစင်စန္ဒာသည် ၀ိသာခါနက္ခတ်နှင့် ယှဉ်သည် ။
(၁၈) တွင်းဂူ လိုဏ်ခေါင်း မြေအောင်း သတ္တ၀ါတို့ ထွက်ကုန်သည် ။
(၁၉) လူ ခပ်သိမ်းတို့ ရောင့်ရဲလွယ်ကုန်သည် ။
(၂၀) ကိုးဆယ့်ခြောက်ဖြာ ဝေဒနာရှိသူတို့ ကျန်းမာကြကုန်သည် ။
(၂၁) မွတ်သိပ် ဆာလောင်ခြင်း ငြိမ်းသည် ။
(၂၂) ပြိတ္တာအပေါင်းတို့ သာယာဝပြောသည် ။
(၂၃) လောဘ ၊ ဒေါသ ၊ မာနထန်သူတို့ အလွန်ခေါင်းပါးကုန်သည် ။
(၂၄) အပါယ်လေးပါး၌ နှစ်ဆယ့်ငါးဖြာသော ဘေးအပေါင်း ကင်းသည် ။
(၂၅) ရေမှုန်မြူညက်တို့ တက်လွင့်ခြင်းမရှိ စင်ကြယ်သည် ။
(၂၆) မကောင်းသောရနံ့တို့ ပျောက်သည် ။
(၂၇) နတ်တို့၏ ရနံ့သာ လှိုင်သည် ။
(၂၈) အရူပလေးဘုံကိုထား၍ ခြောက်ပါးသော နတ်ရွာ ၊ ဗြဟ္မာ တစ်ဆယ့်ခြောက်ဘုံ ကိုအကုန်အစင်မြင်ရသည် ။
(၂၉) ငရဲကြီးရှစ်ထပ်ဝယ် ခံရသောသူအပေါင်းတို့ကို မြင်ရကုန်သည် ။
(၃၀) တိုက် ၊ နံရံ ၊ တံခါး ၊ တောင်ဖျား ၊တိမ်တိုက်တို့ မကွယ်မကာဟင်းလင်းသာ ဖြစ်ကုန်သည် ။
(၃၁) သတ္တ၀ါတို့ ခန္ဓာပျက်ကြွေ သေလွန်ရခြင်းမရှိကုန် ။
(၃၂) သန္ဓေယူခြင်း ၊ ဖွားမြင်ခြင်း မရှိကုန် ။
ဤသို့ သုံးဆယ့်နှစ်ပါးသော ပုဗ္ဗနိမိတ်တို့ ထင်ကုန်သည် ။

"မယ်တော်မဟာမာယာ အိမ်မက်မြင်မက်ခြင်း"

မယ်တော်မာယာသည် ကြီးစွာသောအိမ်မက်ကိုမြင်မက်သည် ။ အိမ်မက်ကား " စတုမဟာရာဇ် နတ်မင်းကြီးလေးပါးတို့သည်
မိဖုရားကို အိပ်ယာသလွန်နှင့်တကွချီ၍ ဟိမ၀န္တာသို့ ဆောင်ယူပြီးလျှင် ယူဇနာခြောက်ဆယ် ရှိသော ဆေးဒန်းမြင်းသီလာ ကျောက်ဖျာ၏
အပြင် အင်ကြင်းပင်ကြီး၏ အောက်၌ချထား၏ ။ ထိုအခါနတ်မိဖုရား လေးဦးတို့သည် လာကုန်၍ သီတာန၀တတ်ရေတို့ကို ချိုးစေပြီးလျှင်
နတ်တို့၏ ပန်းနံ့သာ တန်ဆာကို ဆင်ယင်လျက်ငွေတောင်ထွတ်ထက်ရှိသော ရွှေဗိမာန်သို့ဆောင်၍အိပ်စေပြန်၏ ။ ထိုအခါ ငွေသာခွါ
တောင်သို့သော ဆင်ပြောင်ရတနာသည် မြောက်အရပ်မှလာ၍ မိဖုရားကြီး၏ လက်ယာနံပါးကို လှစ်၍၀င်သည် " ဟု မြင်မက်တော်မူ၏ ။
ထိုသို့ သန္ဓေယူသောအခါမှစ၍ စကြာဝဠာမှ စတုမဟာရာဇ်နတ်မင်းကြီးလေးပါးတို့သည် သန်လျက်လက်စွဲကုန်လျက်
ရွှေနန်းကျက်သရေတိုက်၌ စောင့်လာကုန်သည် ။ ထက်ဝန်းကျင်သော စကြာဝဠာ တစ်သောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည် ကောင်းစွာ
စောင့်ရှောက်လာကုန်သည် ။ ယင်းသို့ ပဋိသန္ဓေနေသည်မှစ၍ မယ်တော်မိဖုရားသည် ယောင်္ကျားတို့၌ ညွတ်ငိုက်တပ်ငြိသော ရာဂရမ္မက်
နှောက်ယှက်ခြင်းမရှိ ၊ အမြိုက်အတိဖြင့်ဝလျက် နှစ်သက်သော မင်းစည်းစိမ်ကိုခံစား၍ ခြွေရံသင်းပင်းနှင့်သာလျှင် သန့်ရှင်းစွာ စံတော်မူ၏ ။
ကြည်စွာသောပတ္တမြားရတနာ၌ သီသော သန္တာနီကြိုးကဲ့သို့လည်းကောင်း ၊ ဖန်တကောင်းအတွင်း၌ သွင်းထားအပ်သော
ပုလဲရုပ်ကဲ့သို့လည်းကောင်း ၊ တရားဟောပလ္လင်ထက် ထိုင်နေသော တရားဟောပုဂ္ဂိုလ်ကဲ့သို့ လည်းကောင်း မယ်တော်ဝမ်း၌ ထက်ဝယ်ဖွဲ့
ခွေ ရှေးရှုနေတော်မူသည်ကို မယ်တော်နှင့်တကွ လူအပေါင်းတို့ ထင်ရှားစွာ မြင်ကြရလေသည် ။

ဆက်ရန်....

ညီသုတ(ပြည်)
28/4/2012
14း42
pyay
Views: 18

ဗုဒ္ဓဘာသာ အပိုင်း( ၅)

                                                      ဗုဒ္ဓဘာသာ အပိုင်း(၅)

             ဗုဒ္ဓဘာသာ အပိုင်း (၅) ရေးရန် ဒီနေ့တော့ဖြင့် တစ်ရက်တလေနားဦးမည် ၊ အနည်းငယ်ပင်ပန်းမှုကြောင့်ရော
စိတ်ရှုပ်ထွေးမှု ၊ စသည်တို့ကြောင့် "ကဗျာခရီး ခြေချမိခြင်း" ရေးအပြီး တစ်ဆယ့်ငါ့မိနစ်ခန့် မျက်လုံးအနားပေး ခေတ္တ
အနားယူနေစဉ် ကျွန်တော်ရေးထားသော ဗုဒ္ဓဘာသာ အပိုင်း(၄) အတွင်းသို့ကွန်မန့် မေးတစ်စောင်ရောက်လာပါသည် ။
ကျွန်တော် ဖတ်ကြည့်လိုက်သောအခါ ကျက်သီးမွေးညှင်းများထအောင်ကို တုန်လှုပ်မိပါသည် ၊ ၄င်းပို့စ်ကိုတဆင့်ဖော်ပြ
ပေးသူ မောင်ဇေယျာ သည်လည်း ကျွန်တော်နှင့်ထပ်တူခံစားရ၍ ကွန်မန့်အနေဖြင့်ရေးသားပေးပို့ခြင်းဖြစ်လိမ့်မည်ဟု
ကျွန်တော်ထင်ပါသည် ။ ကျွန်တော်ဘာကြောင့်ကျက်သီးမွေးညှင်းထားအောင် တုန်လှုပ်မိသနည်းဟုမေးလိုသူတို့ ရှိနေ
မည်မှာ သေချာပါမည် ၊ ထို့ကြောင့်-
 http://forverfriends.ning.com/profiles/blogs/2863689:BlogPost:70327...
ဤ လင့်ခ်ကို ကလစ်၍သာ မိမိကိုယ်တိုင်သွားရောက် လေ့လာဖတ်ရှုကြပါတော့ ဟုတိုက်တွန်းလိုပါတော့သည် ။
မောင်ဇေယျာ ပြောသလို ကျွန်တော်လည်း ကျွန်တော့်၏ သိုးအုပ်များကိုသာ ဘေးလွတ်ရာသို့ အန္တရာယ်ကင်းရာသို့
ဆောင်ယူပါတော့မည် ။ ထို့ကြောင့် ဗုဒ္ဓဘာသာအပိုင်း(၅)ကို ဆက်၍ ရေးပါသည် ။
(မှတ်ချက်) မောင်ဇေယျာ ခိုင်းနှိုင်းထားသော သိုးအုပ်ဆိုသည်မှာ လူစင်စစ်များအား အဟိတ်တိရစ္ဆာန်နှင့်နှိုင်းလိုခြင်း
မဟုတ်ပဲ သိုးငယ်တို့၏ဖြူစင်မှု ဂုဏ်ကိုယ်ယူထားခြင်းသာဖြစ်မည်ဟု ကျွန်တော်ထင်ပါသည် ။

                         " ဘုရားလောင်း ဖွားမြင်တော်မူခြင်း "
                 ယင်းသို့ ပဋိသန္ဓေ တည်နေတော်မူ၍ ဆယ်လစေ့သော် ဆွေတော်မျိုးတော် မယ်တော် ခမည်းတော်တို့၏
နေရာဖြစ်သော ဒေ၀ဒဟပြည်သို့ သွားလိုသော ဆန္ဒဖြစ်၍ သိရီသုဒ္ဓေါဒန မင်းကြီးအား ကြားလျှောက်လေရာ ဒေ၀ဒဟ
ပြည်နှင့် ကပိလ၀တ်ပြည် အကြား ငါးယူဇနာရှိသော အရပ်ကို ခတ်အပ်သောတလင်းအသွင် သန့်စင်စွာညီညွတ်၍
ကြာအိုး ၊ ရေချမ်း ၊ ကွန်းထောက် ၊ မဏ္ဍပ် ၊ ဇရပ် ၊ ကန္နား ၊ကုက္ကား ၊ တံခွန် စသည်တို့ဖြင့် ခင်းကျင်းပြုပြင် တန်ဆာ
ဆင်၍စစ်အင်္ဂါလေးပါး ၀န်းရံစေလျက် ရွှေထမ်းစင်စီးပြီးလျှင် ထွက်စေတော်မူ၏ ။
                ထိုသို့ ထွက်ကြွ၍ ကပိလ၀တ်ပြည်နှင့် ဒေ၀ဒဟပြည်၏ အကြား၌ နှစ်ပါးသောပြည်သူတို့ ဆွတ်ယူသုံးဆောင်ရာ
သာယာနုပျိုကြည်ညိုဖွယ်ရှိလှသော လုဗ္မိနီ အင်ကြင်းတောသို့ ရောက်ပြီး ပင်လုံးကျွတ်ပွင့်လျက် သားငှက်ပိတုန်းအပေါင်းတို့ဖြင့်
တင့်တယ်သော အင်ကြင်းပင်စည်ကိုမြင်တော်မူလျှင် ပျော်ရွှင်ဝင်နား ကစားမြူးထူးလိုသော နှလုံးတော်ရှိလှ၍
ရွှေထမ်းစင်ထက်မှသက်ဆင်းပြီးသော် အင်ကြင်းပင်အောက်သို့ ၀င်ကြွတော်မူ၏ ။
                ယင်းသို့ ၀င်ကြွတော်မူပြီးလျှင် မင်္ဂလာရှိသော အင်ကြင်းပင်ကြီး၏အခက်သည် ညွတ်လျက်ခံလှာ၏ ။
ထိုသို့ ခံလှာသော မင်္ဂလာအင်ကြင်းခက်ကို ရပ်လျှက်လှမ်းတော်မူလေလျှင် စင်္ကြာဝဠာတစ်သောင်းသည် ၊
ကောင်းချီးပေးသကဲ့သို့ အေးအေးကြည်ကြည် ကျူမြည်ရိုက်ဟည်းလျက် မြေကြီးတုန်လှုပ်ခြင်း ၊ ဥက္ကာပျံညီးမီးရှူး
ရောင်ဝေ လနေကြယ်စုံ ထွက်၍ တစ်ပြိုင်နက် ထွန်းလင်းခြင်း အစရှိသောသုံးဆယ့်နှစ်သွယ်သောအံ့ဖွယ်သရဲ လွန်ကဲ
သောတိတ်နိမိတ်တို့ကို ထင်ရှားစွာပြလျက် ကမ္မဇလေ လှုပ်လတ်သော် အထိန်းအယ  မောင်းမကိုယ်လုပ်တို့အား
အကြောင်းကိုကြား၍ ထိုအင်ကြင်းပင်၏ အပါးတွင် တင်းထိမ်အရံဖြင့် ကာရံခယလျက် မစပြုပြင်ကုန်စဉ် သန့်ရှင်း
လွန်ကဲသော ပုလဲမှည့်ရတနာသည်အာကာတိမ်ညွန့်မှ မြူးကွန့်ထွက်ဆင်းသကဲ့သို့ သန့်ရှင်းစင်ကြယ်စွာလက္ခဏာ
ကြီးငယ်တို့နှင့်ပြည့်စုံသော အလောင်းတော်မင်းသားကို မဟာသက္ကရာဇ် ၆၈ ခု ကဆုန်လပြည့် သောကြာနေ့နံနက်
တစ်ချက်တီးအချိန် သိဟ်လဂ် ဗြိစ္ဆာစန်း ၀ိသာခါနက္ခတ်နှင့်ယှဉ်လျက်ဖွားမြင်တော် မူသည် ။ ထိုသို့ဖွားမြင်တော်မူ
လျှင် ကောင်းကင်ပြင်မှ ရေယာဉ်နှစ်သွယ်တို့သည် မယ်တော်မာယာ၌၄င်း ၊ အလောင်းတော်မင်းသား၌၄င်း
ချမ်းမြကြည်သာ ဝေဒနာမရှိစေခြင်းငှာ သက်ဆင်း သွန်ျးေန်းလာကုန်၏ ။ အလောင်းတော်မင်းသားသည်လည်း
တစ်ပါးသောသူတို့ကဲ့သို့ လိမ်းကျံရစ်ထွေး ညစ်ကြေးသမ်းမို့ခြင်းမရှိ  ပဂတိသွန်းသစ်သော ဇမ္ဗူရာဇ်ရွှေစင်ကဲ့သို့
စင်ကြယ်မွန်မြတ်စွာ ဖွားမြင်တော်မူလာ၏ ။


ဆက်ရန်....
ညီသုတ(ပြည်)
29/4/2012
18း57
pyay
Views: 50

ကဗျာဆရာ၏ ဝေဒနာ တမ်းချင်း

ကဗျာဆရာလာရင် ဝေဒနာပါမယ်
ကဗျာဆရာပြန်ရင် ဝေဒနာကျန်မယ်။
လွမ်းရေးထက်
ဝမ်းရေးပိုခက်လေတော့
တခါတခါမှာ
ကဗျာအာဟာရတွေမှီဝဲရတာ
နပ်မမှန်ချင်တော့ဘူး။
ကျုပ်ကဘ၀ကို ကဗျာနဲ့သရုပ်ဖော်တယ်
အကာကိုအကာနဲ့ရန်တဲ့ လူ့အဖွဲ့အစည်းမှာ
ကဗျာမျိုးစေ့ မပေါက်ဘူး။
ကဗျာဆရာက
ကဗျာကိုစားရင် အာဟာရဖြစ်တယ်
ကဗျာဆရာက
ကဗျာဖတ်ရရင် အားရှိတယ်။
ကျုပ်ကဗျာမှာ စေတနာပါတယ်
ပဂတိသြဇာ ရသအဆီအနှစ်တွေပါတယ်
ကဗျာဆရာဟာ....
လူရာမ၀င် မထည်ဝါရင်တောင်
ကဗျာဆရာဖြစ်ရတာ ဒီတသက်
စိတ်ချမ်းသာတယ်။     ။

မှာတမ်း

သူ့နေရာ ငါဝင်လု

ရွှေရင်ထု ဆွေ့ဆွေ့ခုန်

မြေသိမ့်သိမ့်တုန်။

ကျွဲနှစ်ကောင် မာန်ဆောင်ခတ်

မြေဇာမြက် ကျွမ်းပြန်၊

ပဲလှော်ကြား ဆားညက်တယ်

ခံခက်တယ် ကွယ်ရို့။

သည်အရေးမအေးပါ

နှေးမကြာ ပြင်ကြ၊

ပြေးလာကာ သင်လိုက်တယ်

သင်တို့ချင်း ညီစေ။

ဇာတ်တူချင်း စားကြလျှင်

ပျက်လိမ့်မည် ပြည်လုံး၊

ခက်တွေ့ကာ နေအုံးတော့

နှစ်ကိုယ်ဖြင့် ချစ်စေ။

ဥာဏ်မွဲလို့ အတွေးခေါင်

ခွေးဟောင်တယ် ထင်နဲ့၊

အိမ်ကြက်ခြင်း မဲခွပ်နေလျှင်

တို့လူမျိုး..........၊

မွဲနစ်မှာ ဧကန် တသက်လုံး။ ။

အားလုံးပဲ....စိတ်ချမ်းသာ ကိုယ်အေးလို့ လိုလေသေးမရှိ ပြည့်စုံနိုင်ကြပါစေ။

ညီသုတ

3.1.2011

pm 13;33

ခရီးသည်

ဤယနေ့သည်

တရွေ့ရွေ့နှင့် ကုန်တော့မည်

နေမကုန်မှီ ထုပ်ပိုးပြင်၍

ငါလျှင်ခရီးဆက်ပါအံ့.....။

နေရခဏ

တစ်ဘ၀၌ ဒေါသအလျှောက်

စိတ်ရူးဖောက်၍

နှုတ်ငေါက်လွန်မိ ပြစ်မှားမိသော်

အမိသည်သား ခွင့်လွှတ်ငြားသို့

ငါ့အားခွင့်လွှတ်ကြပါလေ ။

ခွင့်လွှတ်အပြုံး စပါယ်ကုံးကို

နှလုံးထက်တွင် ငါပန်ဆင်၍

ခုပင် ခရီးဆက်ပါအံ့။

ရုတ်တရက်မို့ နှုတ်မဆက်အား

ငါထွက်သွားသော်

ငါ့အားငြူစူ ပြစ်မယူပဲ

ကြည်ဖြူခွင့်လွှတ် ကြပါလေ.....။ ။
အနုသယဆိုတာ မပျယ်သေးသ၍ သမုဒယဆိုတာ ပုထုဇဉ်တို့သဏ္ဍာန်မှာရစ်ပတ်နှောင်တွယ်နေအုံးမှာပါ။ထို့ကြောင့်.............

တိတ်တိတ်လေးနေကြမယ်......

အနေစိမ်းပေမယ့်
<သူစိမ်းတွေမဟုတ်ဘူး.....မီ
ကြင်နာခဲ့ကြပြီးမှ
နာကျင်စရာတွေကိုမပြောပဲ
နှစ်ဦးမျိုသိပ်
တိတ်တိတ်လေးနေကြရအောင်။
သမုဒယတွေတွယ်ယှက်
အနုသယ မပျက်ပြယ်သမျှ
မုန်းပင်စိုက်
မုန်းဇာတ်ခင်း
မုန်း သတင်းမကြားချင်ဘူး....မီ။
မီ....ရေ
ချစ်တာ မသိသမျှ
သစ္စာရှိရတာ မောတယ်...မီ။
ပစ်ခွါရှောင်ပုန်း
ကတိတလုံး အဆုံးခံချင်ပါလျှက်
ဟိုအရင်..............
ပန်းကြွေအတူကောက်
စမ်းရေအတူသောက်
လမ်းတွေအတူလျှောက်
လွမ်းစရာ့အတိတ်
မှန်းကာသာဖြေသိမ့်လို့
ဒီဘ၀တော့..........
တိတ်တိတ်လေးပဲနေကြမယ်....။                 ။
သူများတွေအားကြလို့   အချစ်ကဗျာလေးရေးမိပါတယ်...အဆင်ကိုမပြေဘူးဗျို့....အမှားအယွင်းရှိရင်လည်း ၀ိုင်းပြီးတော့သာ မေတ္တာပို့သကြပါကုန်။            ။

နွေပန်းချီ


တနွေကူးတော့မည် ။
ပင်ထက်မှာ ရော်ဝါရွက်တွေက
ဆင်းသက်ကြ မြေပြင်ဆီ ။

ဥသြငှက် တေးသစ်သီ
ချိုပလီနွဲ့ ကြည်အေး ။

ဝဠာပြင် ပြာရောင်သန်းပါလို့
ကမ္ဘာမြေ ပူရောင် ဆန်းတယ်
ကွယ်.....
ညှင်းလေကသွေး ။ ။

အသံလေးထည့်ပြီး ရွက်ကြည့်ကြနော် ။
18/2/2011
am 01; 35
pyay;

သိကြားမှတ်တမ်း

ပဏ္ဍု ကမ္မလာ
မြကျောက် ဖျာတင်း
သည်အချင်းကား
အဘယ်သို့လျှင်....ဖြစ်သနည်း.....။
ငါသိကြားမင်း စတိုင်တင်း၍
လူ့ပြည်လူ့ရွာ ကြည့်သောခါဝယ်........
ဆန်ဈေး ဆီဈေး သားငါးဈေးနှင့်
ထိုဈေး...ဤဈေး....
နားဖာကလော်ဈေးတောင်
ခါတိုင်းကထက် နှစ်ဆတက်၍
ကယ်ပါယူပါတဆာဆာနှင့်
ဥတ်အော် သောင်းနင်း
လူခပင်းအား
ကုန်ဈေးနှုန်းဝဲခယက်
ရေယဉ်ထဲ၌
မြှုတ်ချည် နစ်ချည် တွေ့ခဲ့သည်ကြောင့်
နတ်တို့ သြဇာ နတ်သုတ်ဓါကို
ဝေကာမျှကြွေး...
လှု၍ ပေးအံ့.........။ ။
ညီသုတ(ပြည်)

ဝိရောဓိ မြင်ကွင်း

ကျွန်တော်...ဒီကဗျာကို  ကဗျကဏ္ဍမှာလည်းတင်ထားပါတယ်....
မြို့တမြို့ရဲ့ ရှုခင်း
ညနေခင်းပေါ့
သောကယိုထွက်
ငိုလက်စမျက်ရေတို့
ခဏတာမှေးစက် အိပ်ပျော်နေကြတဲ့
မှိန်ဖျော့ဖျော့ မာကျူရီ မီးရောင်အောက်က
မေရှိုးဆိုတဲ့   တီးဟောက်(စ်)စကို
              လူတယောက်
သောက်လက်စဖက်ကြမ်း
ရမ်းကားတဲ့မီးတောက်
ရင်မှာတောက်လောင် ဖိစီးခြင်းအတိ
အကြည့်ကိုတမင်လွှဲ
ဒေါင်ကျကျ စားပွဲကိုသူလာ
          ဒါပေမယ့်.....
အင်ကျီ မပါဘူးလေ ။
    မေရှိုးရဲ့ ယဉ်ကျေးမှုလား
လူသားတချို့ရဲ့ မျက်လုံးတွေက
အမေးပုစ္ဆာတပုဒ်လို
      ထင်သလိုတွေး
     မြင်သလိုငေး
မေးငေါ့ခေါင်းခါ
တောဘဲကွာဆိုတဲ့ အထာနဲ့
နားလည်မှုမရှိ
ဘ၀အသိတွေ ကွယ်ပျောက်
ဦးနှောက်သမား တယောက်လို့
လွယ်လွယ်သက်မှတ်လိုက်တယ် ။
        အေးဆေးလွန်းနေတဲ့(ဗမာပြည်)သိန်းတန်ရဲ့
ဖီး(လ်)ခံတဲ့အလွမ်းသီချင်းက
ဝေဒနာအက်ကွဲကြောင်းတွေနဲ့ ရင်ကို
နာကျင်စွာ တူးဆွ
မခံသာအောင် စူးရှလို့
လောကကိုနာကျည်း
အတိတ်ကိုခါးသီးစေလျှက်
ရက်စက်နေကြ
ရက်စက်ကြပေါ့ ။
          ဘ၀အမောတွေနဲ့အတူ
                    အ၀င်မဲ့
ပင့်သက်လေပူကို မှုတ်ထုပ်
သူလက်ခုပ်တီးပြီး အော်တယ်
 အဆိုတော် လေးဖြူရဲ့
တော်တော် အော်တဲ့ သီချင်း ဖွင့်ပါဗျို့တဲ့
                 ကြားကြရဲ့လား
လူသားထဲကလူတယောက်
အဇ္ဈတ္တထွက်ပေါက်ကိုရှာ
ဒါ...ဒဿနပဲ
မှားမတဲ့လား
နှလုံးသားသွေးစု
တေးသွားတစုလှပ
ရောင်စုံအတ္တတွေ နောက်ဆုပ်
ခလုပ်တိုက်မိတဲ့ မာယာ
အသပြာရှာနေတဲ့ မျက်ရေ
ကျိန်စာတွေနဲ့ ရင်ခွင်
ညှို့ငင်မြူဆွယ်တက်တဲ့ အလှ
တသားထဲကျခဲ့တဲ့ ဘ၀တွေ
အတွင်းကျေခြင်းများ ပေါင်းစု
သွေးခြေဥတဲ့ ဒဏ်ရာ
ဝေဒနာခရီး......
ဝေဒနာမီး.......
မငြိမ်းသေးသမျှ.............။
      သူငယ်ချင်း   ကဗျာဆရာ...ဘ၀(ကျုံပျော်)သို့  အမှတ်တရ ။
                               ရွှေယုဝါ(လင်းတာကျ)

ကိုယ်တိုင်ကခဲ့ရသော...မထူးဇာတ်တပိုဒ်

ကျုပ်နဲ့ ကိုဘကောင်း
"ခရောင်း"လက္ဘက်ရည်ဆိုင်မှာထိုင်ရင်း
မြင်ကွင်းအားလုံးကို ငေးကြည့်
အဖန်ရေ သုံး အိုးကုန်တဲ့အထိ ။
မင်း ဘာတွေးလည်း
မင်းဘာလုပ်မလည်းတဲ့
ကျုပ်မသိ လုပ်မိတာတခုတည်းရယ်
အဖန်ရေ နောက်တအိုး ထပ်တောင်းမိ ။
ကိုဘကောင်းက ထပ်မေး...
မင်းဘာလုပ်လဲ...
တနေ့ ဘယ်လောက်ရလဲ...
ကျုပ်ကြား ၏ မျှားမိသည့်ငါး လွတ်မသွားအောင်
ကျုပ် ငြိမ်နေလိုက်တယ် ။
တွေးမနေနဲ့ တော့ကွာ ငါနဲ့သာလိုက်ခဲ့
တနေ့ သုံးရာပေးမယ်
အိမ် ဆေးသုတ်ဘို့တဲ့
ကျုပ် ကိုယ်ဘကောင်းကိုကြည့်မိတယ်
အသံမထွက် နားထောင်ရုံသက် သက် ။
လုပ်သင့် မလုပ်သင့်
ကျုပ်မညင်း တင်းမခံ
တင့်တယ်နေတဲ့ ကျုပ် ပန်းခင်းလေး
ရေငတ်ခံလို့ ဘယ်ဖြစ်မှာလည်းဗျာ ။


2001၊ဇွန်

ဝေဒနာစာ တမ်း

 ဝေဒနာစာတမ်း တခု
 ညင်သာစွာ ပြုစုခဲ့ပါမည် ။

အတိတ်မှ အရိပ်စစ်များ
သက္ကရာဇ်ဖြို ဂူသွင်း
ရင်တွင်းမှာ မြှုတ်နှံလို့
လွမ်းပုံလည်း မရေး.....
လမ်းဆုံလည်း မမေးတော့ပါ....။

တရံတခါက......
သံယောဇဉ် လက်ကျန်
မနက်ဖန်ထိ သိမ်းမထား
စိမ်းကားတယ်ပဲ  ဆိုပါစို့.....။

ခဏတာခရီးမှာ
ကံဆုံလို့ တွေ့
ကံကုန်တော့ မေ့
လွမ်းရဲလို့ လမ်းခွဲကြရင်း
ဝေဒနာ မှတ်တမ်းတခု......
ညင်သာစွာ ပြုစုကြစို့လား....။             ။

              ညီသုတ(ပြည်)
              8.3.2011
              05;20 am
              pyay

ရင်တွင်း မေတ္တာ စာကဗျာ.....

    ( ရင်တွင်းမေတ္တာ စာကဗျာ)

                                                         ဧဒင်ကဗျာဥယျာဉ်၊ လှစေဘို့အရေး
                                                               ရွှေဆံတော် စေတီပါးမှာ
                                                                  ဆုတောင်းလို့ပေး ။

                                                            ဥယျာဉ်မှူး
                                                           ကလောင်ရှင်၊ မာစေဘို့အရေး
                                                           စိန္တေမှာ ၀တ်ဖြည့်လို့
                                                           တောင်းဆုချွေသေး ။

                                                            စာ/ကဗျာ ကလောင်ရှင်၊ ပျော်ပါစမေး
                                                            မပျော်လျှင်၊ပျော်အောင်လုပ်
                                                            ညှစ်ထုပ်လို့ရေး..။

                                                                         ညီသုတ(ပြည်)

ကဗျာချစ်သူသို့ ပေးပို့သော....တေး အလင်္ကာ သံပေါက် ကဗျာ........၊

(၁)ဧဒင် ဥယျာန ၊ လာကြစာဆွေ
ကျန်းမာစေကြောင်း၊ ဆုတောင်းစာခြွေ
တရံတဆစ်၊ မလစ်ဗျာပွေ
စိတ်သာရောက်...၊ ကိုယ် ရောက်မလာပေ ။

(၂)ဥယျာဉ်မှူးနှင့်၊ ပန်းမျိုးထွေထွေ
သဟဇာတ၊ ဝေမျှတူစေ
ညီညွှတ်ပေါင်းစု၊ ကောင်းမှုဖြာဝေ
တက်နေ၀န်း၊ထွန်းလင်းတဝေေ၀ ။

(၃)ရွှေအိမ်စည်က၊ဘ/ မိရာနော်
ကလောင်သစ်မွေး၊လက်ကူဖေးခေါ်
ကဗျာမတက်၊ရေးစပ် ကူဖော်
သင်ပါမှ၊ ညွှန်ပြဆရာကျော် ။

(၄)မှူး(၇) ဖွေးဖွေး၊ ရဲလေးမကျန်
ဦးကို ဧက၊ မျိုးချစ်မချန်
လင်းပိုင် ကျော်ဆက်၊ မပျက်ဧကန်
ရောက်ပါကြ၊ နေ့ည ချိန်မှန်မှန် ။

(၅ ညီသုတ ဟု၊ နာမတွင်ခေါ်
ကျန်းမာအရေး၊ ဒုက္ခ အေးသော်
ရောက်ပါမည့်ကြောင်း၊ ထပ်လောင်းကာ အော်
ဂတိပေး ၊ ဆိုရေးရှိစေနော်..။

(၆)မေတ္တာပို့၍၊ ရေးစပ်စာစီ
နေ့ညမရပ်၊ တေးထပ်ကာသီ
သံယောဇဉ်ဖွဲ့၊ ပြောခဲ့ပါပြီ
ကျန်းမာကြောင်း၊ဆုတောင်း နေပါသည် ။
လန်းဖျာကြောင်း၊ ဆုတောင်းနေပါသည် ။
ဝမ်းသာကြောင်း၊ဆုတောင်းဤ စာ စီ ။ ။

ဂုဏပူဇာ ပိုက်စုံ ရတုလွှာ

ကွန်းမြေ ၊ အံ့ဖွယ်ထွေပြား ၊ ပဲခူးရဌ ၊ တိုင်းဒေသမှာ ၊ မသွေလှစ်ဖြာ ၊ ခေတ္တရာဟု ၊ သညာပြုတွင် ၊

မြို့ပြည်ခွင်ဝယ် ၊ လေးမြတ်ဖွယ်ရာ ၊ တည်ထားလျှာသည့် ၊ လေးဆူတိတိ ၊ ဆံတော်ရှိသည့် ၊ နာမမှည့်ခေါ် ၊ ရွှေဆံတော်ဟု၊ ဘုန်းရောင်ထွန်းတောက် ၊ ပါဒအောက်ခြေ ၊ ရနံ့သင်းထုံ ၊ စန္ဒာရုံ၏ ၊ အာမိဿက ၊ အရှင်ဥာဏိန္ဒာစာရ ဟု၊

ထေရမဟာ ၊ တေဇာရွှန်းဝေ ၊ တင့်လွန်းပေငြား ၊ သီလသမာ ၊ ဓိပညာဟု ၊ သိက္ခာလေးစား ၊ ဂုဏ်တော်များကြောင့် ၊

ဦးခိုက်အပ်စွာ ၊ မြတ်ဆရာအား ၊ သဒ္ဓါရှေ့သွား ၊ လူရှင်များက ၊ ဘွဲ့တော်ဆက်သ ၊ "အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ" ၊

ဆက်ကပ်ကြသည် ၊ ဇေယျာကျွန်းဆင့် ၀ံ့သည် ဘုရား ။



၂ ။ ။ တေဇာရွှန်းဝေ ၊ တင့်လွန်းပေကား ၊ ဆရာထေရ်ရှင် ၊ ဦးထိပ်တင်၏ ၊ ဂုဏ်ရည်ဝင့်ဝါ ၊ သာသနာဝယ် ၊

သုံးဖြာပိဋကတ် ၊ ပရိယတ်နှင့် ၊ ပဋိပတ်မကွာ ၊ ကျင့်သိက္ခာကြောင့် ၊ ကောင်းစွာပေါ်လွင် ၊ ဂုဏ်ပေါင်းဆင့်သား ၊

လူရှင်အများ ၊ လွန်လေးစား၍ ၊ ထူးခြားထင်ပေါ် ၊ မြန်ပြည်တော်တွင် ၊ ပူဇာသဘင်ပွဲ ၊ ဆင်ကာနွှဲ့သည့် ၊ မင်္ဂလာပွဲတွင် ၊

သာသနာ့ဝန်တာ ၊ စွမ်းဆောင်ပါ၍ ၊ "အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ" ဘွဲ့တော်ရသည် ၊ တေဇာထူးတင့် မြင့်သည် ဘုရား ။



၃ ။ ။ ဝေဖြာထွန်းပေ ၊ စောဗုဒ္ဓေ၏ ၊ ရှည်ကြာသာသနာ ၊ ထွန်းလင်းဖြာသည့် ၊ သညာမှည့်ရာ ၊ ခေတ္တရာဝယ် ၊

ရနံ့သင်းထုံ ၊ စန္ဒာရုံဟု ၊ သံဃာ့အာရံ ၊ ၀ိဟာရံကား ၊ ပြည်မြို့ကျက်သရေ ၊ ထွန်းလင်းပေသို့ ၊လန်းဆန်းဝေဖြာ ၊ သည်ချိန်ခါမယ် ၊ မဟာဥက္ကဋ် ၊ ရှင်ထေရ်မြတ်အား ၊ ဦးထက်ဖျား၌ ၊ ရွှင်အားလှိုက်ဖို ၊ ဆက်ကပ်လို၍ ၊ ဆက်သပူဇော် ၊

နိုင်ငံတော်က ၊ သဒ္ဓါရွှင်မျှ ၊ လှူဒါန်းလာသည့် ၊ "အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ" သွန်းထုခပ်နှိပ် ၊ ဘွဲ့တံဆိပ်နှင့် ၊

ဂုဏ်နှင့်ညီစွာ ၊ ပေးလှူရာဝယ် ၊ လွန်စွာရွှင်ပြ ၊ တပည့်မှသည် ၊ ပေါင်းစုညီညာ ၊ ဂါရ၀ါဖြင့် ၊ ရပ်နီးလေးထွေ ၊

များဝေနေတို့ ၊ နှလုံးကြည်သာ ၊ ရွှင်လန်းစွာဖြင့် ၊ ပူဇော်ထိုက်လှ ၊ ပူဇော်ရမည့် ၊ ထေရ်ရမဟော် ၊ ဆရာတော်အား ၊

ပူဇာသဘင် ၊ ပြင်ဆင်ယင်ဖြင့် ၊ ကြီးကျယ်ဂုဏ်ထူး ၊ ၀ိသိဌ်မှူးဟု ၊ အမြတ်ကျေးဇူး ၊ ရွှင်မြူးကော်ရော် ၊ ပူဇော်ပါ၏၊ ၊

ဆရာသခင် ၊ တို့ထေရ်ရှင်ကား ၊ ဘယာရောဂါ ၊ ကင်းစင်ကွာ၍ ၊ ရှင်တော်ဗုဒ္ဓါ ၊ သာသနာကို ၊ ကောင်းစွာအနေ ၊

ထမ်းရွက်ပေ၍ ၊ သုံးတိုက်ဘုံသား ၊ မေတ္တာပွါးကာ ၊ ဆုတောင်းပါသည် ၊ ဝေဖြာမြူးထင့် လွန့်သည် ဘုရာ..... ။



ဤ ရတုကို ကဗျာချစ်သူတွင် တင်ရခြင်း၏ ရည်ရွယ်ချက်



ပြည်မြို့ကိုစွန့်ခွါပြီး အကြောင်းအမျိုးမျိုးကြောင့် နယ်ဝေးမြေခြားသို့ ရောက်နေကြရသော....ရဟန်းရှင်လူ...အများ

မိမိတို့မွေးရပ်မြေသို့ မပြန်နိုင်ကြသော်လည်း...ပြည်မြို့တွင်းမှကျောင်းတိုက်များတွင် သီတင်းသုံးနေထိုင်ကြသော..

သက်တော်ရှည် ဆရာတော်အရှင်မြတ်များ...ဘွဲ့တံဆိပ်တော် ဆပ်ကပ် အလှူခံရရှိပါကြောင်း သိရှိကြပြီးလျှင်...

စာရေးပူဇော်သူနှင့်အတူ...၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြပါစေခြင်းငှါ...ရေးသားတင်အပ်ပါသည် ။



အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ပြည်မြို့ ဆံတော်နယ်မြေ စန္ဒာရုံရပ်ကွက် စန္ဒာရုံကျောင်းတိုက်၏

ဦးစီးပဓာန နာယက ဖြစ်တော်မူသော ဆရာတော် အရှင် ဥာဏိန္ဒာစာရ အရှင်သူမြတ်အား ဤ ပိုက်စုံရတုလွှာဖြင့်

ဦးခိုက်ကန်တော့လိုက်ရပါသည် ဘုရား.....။







ညီသုတ

(ခေါ်)

ရွှေယုဝါ (လင်းတာကျ)

ရေးသားပူဇော်သည် ။

ကဗျာဆရာ၏ ဝေဒနာတမ်းချင်း (၂)

ကဗျာဆရာ .......
လူထဲကလူတယောက်
တလောကလုံးကို
ခေါက်တုံ့ခေါက်ပြန်လျှောက်လို့
ဒေသနာတရားမဟောပေမယ့်.....
စေတနာ စကားပြောတယ်......။

တချို့က ကဗျာမဖတ်ဘူး
မာယာပတ်မှာစိုးသတဲ့.........
တချို့က ကဗျာဆို ရှောင်တယ်
အတွေးခေါင်မှာစိုးသတဲ့.........
တချို့က ကဗျာကိုမုန်းတယ်
ဘ၀ဆုံးမှာကြောက်သတဲ့.........
တချို့က...........အင်း.........အဲ
တချို့က............ဟင်..........ဟမ်
တချို့က............ထွီ.............ထွမ် ။

ကဗျာဆရာလည်း လူ
ဘ၀အသိမကွယ်ပျောက်
ကိုယ်လျှောက်မယ့် လမ်းမှာ
တခါသုံးဘော့ပင် အနီတပင် အပြာတပင်နဲ့
စေတနာတရား ဝေနေယျာအများပေါ်ထား
စကားလုံး ဥ ဥ...ကာရန်နုနုကိုအုပ်မိုး
ဝေဒနာတွေ ဖြန့်ခင်းနေရလည်း
ကဗျာဆရာ ဘဝ
လုံခြုံတယ်..........။


မတ်လ 21 ရက်နေ့တွင်ကြရောက်သော ကမ္ဘာ့ ကဗျာနေ့အား...
ဤကဗျာဖြင့်ကြိုဆိုလျှက်.....

ညီသုတ(ပြည်)
20/3/2011
sun AM
02း10

ဝါရိတ္တသီလ

       ကြင်နာယုယ
       လူ့ဘ၀...၊

        ဖေးမကူပေး
        လူမှုရေး.....။


ဝါရိတ္တ သီလနှင့် ပြည့်စုံကြပါစေ  ။

ညီသုတ(ပြည်)

ကြည်လင်တဲ့ လရောင်အောက်ဆီ

      (ကြည်လင်တဲ့လရောင်အောက်ဆီ)

နာကျင်မှုတွေ မေ့လောက်အောင်

နင့်ကို ချစ်ခြင်းတွေအပြည့်နဲ့သတိရတုန်း

အလွမ်းတွေ နေရီရီ အလင်းပျပျ

ဆည်းဆာတိမ်တအုပ်လို ထူထပ်ခဲ့....

ငါ့အနာဂါတ်ကိုမျှော်မှန်းကြည့်တော့

ချစ်ခြင်းတွေ အငွေ့ပျံ

မရေရာခြင်းတွေ ငွေ့ရည်ဖွဲ့မှုနဲ့

ချစ်ခြင်းမဲ့နှလုံးသားတစုံက

ကြေကြေကွဲကွဲ ပင့်သက်ရှိုက်နေတယ်.........

ငါသိခဲ့တဲ့ ငါ့အချစ်ဟာ

ဥယာဉ်မှူးရဲ့ ပျိုးထောင်ပေးမှုမျိုးနဲ့

ချစ်ခြင်းရဲ့ ဘာသာစကားကို

ပန်းအက္ခရာ စကားလုံးတွေရဲ့အပြင်ကချစ်တယ်........

လမင်းကြီးလိုတစိုက်မတ်မတ်ပြုံး

ကြယ်စင်တွေအလျှိုလျှိုထွက်လာ

ဝါးရွက်လေးတွေတေးမဆိုနိုင်လောက်အောင်

ငါ့ရင်ထဲကနတ်သမီးလေး လှနေခဲ့တယ်.........

                    ညီသုတ(ပြည်)

                      24/1/2002

ကဗျာဆရာ၏ ဝေဒနာတမ်းချင်း -(၃)

     လေဝှေ့လို့ကြွေတာလောက်နဲ့

 ငါ့ပင်စည်က  မီးရပ်ချမ်းမထဘူး

 မော်ဒန် ဂန္ထ၀င်  နျူကလီးယား ဇီဝလက်နက်

 ခဲရာခဲစစ်  လူ့အဖြစ်ရခဲ့တဲ့ ၂၁ရာစု

 ဒါကိုပဲ....ဒါတွေကိုပဲ

 အိတ်ကပ်ပါးခြင်းပြိုင်နေကြတာ

  တကိုယ်လုံးဆုံးဆုံးမမြုပ်သ၍

 ဇာတ်နာတယ်လို့ကို မထင်မိဘူး......

 ခေတ်ပြိုင်သူငယ်ချင်း များ

 ရုံးရင်းကန်ရင်း ဖေးမခဲ့တာအကြိမ်ကြိမ်

 ဘ၀ဟာ ရေချမ်းစင်အိုးတည်သလောက် မလွယ်ကူပါဘူး

 မှားလို့လွဲခဲ့တဲ့ဘ၀ ဒဿနတွေ

 ချိန်ကြည့် ဘယ်သူ့ဘက်ကိုမှ လျှာမထွက်ဘူး

 တိမ်ငိုရင် ကမ်းပါးပြိုတက်သတဲ့

 နှလုံသွေးထဲက အန်ထုပ်လိုက်တဲ့ ကဗျာ

 ရင်ဘက်နဲ့မဖတ်သမျှ အရသာမတွေ့နိုင်ဘူး.......

 ခေါင်းစဉ်အောက်ကကဗျာ  ခေါင်းစဉ်ပေါ်က ကဗျာ

 မှင်နဲ့ရေးတဲ့ကဗျာ ရင်နဲ့ရေးတဲ့ကဗျာ

 ကဗျာကိုဘောင်ခတ် တသီးပုဂ္ဂလမွေးစား

 ခြံပေါက်နွားနဲ့ ရောမမွေးနဲ့ သူငယ်ချင်း.....

 စာပေစင်ထက်မှာ  ကဗျာဆရာတွေ

 စိန်ခေါ် အလံလု မော်ဒန်ဂန္ထ၀င်အရေး

 နှစ်ခြောက်ဆယ်ကျော် နှစ်ဦးစလုံး သက်လုံရှုံးနဲ့ ဒိုင်ပွဲရပ်

 မြေလှန်ဝါဒကိုမှ လူတွေကြိုက်ကြ

 ဘယ်မှာလည်းအမှန်တရား

 မီးထွန်းရှာကြည့် သူငယ်ချင်း....။        ။

   ညီသုတ(ပြည်)

  2/9/2011

am- 03;46 PYAY

သုံးဂုဏ်ဆင့်သည့် မြတ်မာတာ

မေမေ.....
               နုနယ်ပျိုမြစ်

               ဆယ့်ရှစ်နှစ်က

               အလှတွင်ဆင့်

               ရှုတိုင်းတင့်သည်

               မြင်သူ "အေးချမ်း" ပါလေ၏.....။

အို....မေမေ

                နုချင်းအလွန်

                လှချင်းကွယ်ပျောက်

                 သက်ရွယ်ရောက်သော်

                တည်ငြိမ်ရင့်ကျက်

                 သစ္စာဖက်ကာ

                 အိမ်ထောင်ရေးမှု

                 လုံ့လပြုသည်

                 " စံပြ " မိခင် တွင်လေ၏....။

အိုဘယ့်.....မေမေ

                    နုချင်းအလွန်

                    လှချင်းအဆုံး

                     သက်ရွယ်ဖုံးလည်း

                     ချစ်လင်ယောင်္ကျား

                     မွေးသည့်သားကို

                     မေတ္တာစိတ်ရင်း

                     လနှယ်လင်းကာ

                     ပြုံးပန်းဝေဆာ

                    ပီတိဖြာ၍

                    ပြုဝတ်မပျက်

                    ပေးဆပ်မြဲရင်း.......

                    ဘ၀တဏှာ

                    လွတ်ရာအမှန်

                    မြတ်နိဗ္ဗာန်ကို

                    ရည်သန်တောင့်တ

                    ပြုလုံ့လနှင့်

                    ဒါန သီလာ

                    ဘာဝနာကို

                    မှန်စွာစီးဖြန်း

                    ကမ္မဌာန်းအား

                    ကျင့်ကြံကျိုးကုတ်

                    စွမ်းအားထုပ်သည်

                    " သူတော် "  မိခင်မည်လေ၏.......။        ။


                                                             ညီသုတ (ပြည်)

                                                              4/9/2011 တနင်္ဂနွေ

                                                                03း40    AM

ဧဒင်ဥယျာဉ်သို့ပေးပို့သော(ဂုဏ်ပြုတေးထပ်)

ဧဒင်ဥယျာဉ်သို့ပေးပို့သော (ဂုဏ်ပြုတေးထပ်)





ပန်းဧဒင် ဥယျာန၊

ဂုဏ်ရောင်လှ ဝေစီ ၊

နောင်ကာလ အရှည်တည်အောင်၊

တို့တတွေ ကျိုးပမ်း ။



ကဗျာလှ စီကြရာမှာ ၊

ပီသပါ ပြောချင်ဘိစမ်း ၊

ဂုဏ်တင့်သည့် သတင်းတော် ၊

အွန်လိုင်းပေါ် ကျော်လွှမ်း ။

အဖွဲ့နော် လူများသလှ ၊

ပြုအားက ပြိုင်စံပေါ် ၊

နာမည်ကျော် " ကဗျာ " ချစ်သူတို့ ၊

နွှဲပျော်လှ ၀မ်းမြောက်ကြရှာ ။



လျှမ်းတောက်ပ ကဗျာရှင်ကို

ပညာသင် တူယှဉ်တွဲလို့ ၊

ရေးစပ်ကြ အချက်မှီ ၊

တွဲလက်ရယ်ညီ ။



ဂုဏ်တုဆင့်လို့ ဂုဏ်ပြုပါသည် ၊

တုန်လုမဟီ ဖြစ်ပါပေါ့လေး ။

ကဗျာက၀ိ ဂုဏဂုဏ်ရှင် ၊

တုပမမှီ ဥာဏ်ကြီးရှင်တို့လေး ။ ။





ညီသုတ(ပြည်)

10/9/2011 AM

ကဗျာချစ်သူသို့ပေးပို့သော ရှစ်လုံးဖွဲ့ (မြန်မာကဗျာများ)

      ကဗျာချစ်သူသို့ပေးပို့သော ရှစ်လုံးဖွဲ့ (မြန်မာကဗျာများ)

(၁)    ကဗျာရေးကြ - တွေးဆသူငါ ၊
        အဖွဲ့ဗန္ဓ    - မှတ်ပါ့သေချာ ။
        ဓိပ္ပါယ်သက်ရောက် - မှတ်ကျောက်တင်မှာ ၊
        ရေးပါဗျာ့   - များလှလူတကာ ။

(၂)   ကိုယ်တွေးကိုရေး -  တင်နှေးမကြာ ၊
       တုပရှာပေး - ပြုသေးပယ်ခွာ ။
       သူခိုးလူမိ -  ပူသည့်ဗျာပါ ၊
       ရှောင်ပါမှ - မုချပဏ္ဍိတာ ။

(၃)  ချစ်မှုကြိုက်မှု - ရေးတုကဗျာ ၊
      စာစီကုံးပြု - ရေးသူ့ဝန်တာ ။
      လင်္ကာမစပ် -  အတက်ဘယ်မှာ ၊
      ဆင်ချင်ကြ - မှတ်ပါ့လူတကာ ။

(၄)  ဝေဖန်ထောက်ရှု့ - ကြံပြုဆရာ ၊
      လင်္ကာနှံ့မှု - ရှိစုဝေဖြာ ။
      ကိုယ်တိုင်သိမှ - ဖွင့်ချဖွေရှာ ၊
      သင်ကာပြ - ညွှန်ကြစေတနာ ။

(၅)  ခောတ်အခြေရ - ပြောင်းလှကမ္ဘာ ၊
      မော်ဒန်ဂန္ထ - လမ်းပြပေါ်လာ ။
      သူငါသာစွဲ - ယူသည်းပြန်ရှာ ၊
      အကာပြစ် -  အနှစ်တူညီစွာ ။

(၆) `ဤစာရေးဖြစ် - တွေးစစ်ကြနော် ၊
       စေတနာနှင့် - အားသစ်ကူဖော် ။
       ထပ်ခါလောင်းပြု - တောင်းဆုခြွေမျှော် ၊
       ကလောင်သွား -  ရေးငြားသွက်စေသော် ။

(၇)  ညီသုတဟု - မှတ်ပြုခေါ်တွင် ၊
      ရေးမှုဖတ်မှု - မှားတုပါလျှင် ။
      အားမနာတမ်း - ညွှန်စမ်းစေချင် ၊
      များလူအောက် - ဒူးထောက် ထာဝစဉ် ။      ။
     (သွင်သင်မှု - လေးပြုဂါရ၀င် )


            15/9/2011
   07း15 am

နေမ၀င် ဧဒင်

(နေမ၀င်  ဧဒင်)

ဧဒင်ဥယျာဉ် ၊ ပန်းတော်ဝင်
ချစ်ခင်နောင်ရင်း ၊ မိတ်ဖွဲ့ခြင်း
ဂုဏ်ဝင်းတောက်တောက် ၊ ကဗျာရောက်
ရောက်သလေလေ့  ရောက်သလေ့ ။

ကဗျာချစ်သူ ၊ များထိုလူ
တစ်အူထုံဆင်း ၊ ပေါင်းဖက်နှင်း
ချစ်တင်းတူလျှောက် ၊ ခရီးပေါက်
ပေါက်သလေလေ့  ပေါက်သလေ့ ။

ကဗျာဝန်ထမ်း ၊ ကိုယ်စီလမ်း
သက်တန်းရှည်ကြာ ၊ ဒီ(သည်)နေရာ
ချိန်ခါလွန်မြောက် ၊ မှန်မှန်လျှောက်
လျှောက်သလေလေ့  လျှောက်သလေ့ ။

စိတ်ချမ်းသာကိုယ်အေး...
လိုလေသေးမရှိကြပါစေနှင့် ။
             
                       ညီသုတ(ပြည်)
                       8/12/2012
                       12း42 pm

"၀ဲရိုက် ၀ဲသွင်း" မေတ္တာပို့ကဗျာ


ဧဒင်လှ ၊ မြမြသွေး ၊ ချွေးချင်းမွှေး ၊ သွေးချင်းဆက်
လက်လှမ်းကူ ၊ လူမှုဆောင် ၊ အောင်မြင်ရေး ၊ နှေးမကြာ ၊
မာပါစေ ၊ ဝေနေယျ ၊ ရစေသား ၊ များမေတ္တာ ၊
ရာထောင်ပေါင်း ၊ သောင်းဂဏန်း ၊ လန်းကြစေ ၊ ဇေယတု ၊
ခု ချိန်ခါ ၊ သာစေကြောင်း ၊ တောင်းဆုခြွေ ၊ ဝေတဲ့နှင်း ၊
ယင်းပမာ ၊ ကာယ ပါ ၊ ဥာဏရော ၊ ဟောတု စေ ၊
နေတစ်စင်း ၊ လင်းအသွင် ၊ မြင်အမြဲ ၊ ထဲဘ၀င် ၊
ရွှင်မနော ၊ ရောဂါစင် ၊ ခင်မင်မှု ၊ ရှုပါသည် ၊
(အီ) ဖေကိုယ် ၊ လိုတ ရာ ၊ ဗျာပါလွင့် ၊ တင့်စေသား ၊
ထားမေတ္တာ ၊ ခါခါပို့ ။        ။

အထူးဝန်ခံချက် ။       ။ကျွန်တော်ယ္ခုရေးထားသော ၀ဲရိုက် ၀ဲသွင်းကဗျာအမျိုး
အစားသည် ၊ အလွန်ခက်ခဲလှသဖြင့် ပြီးပြည့်စုံသည်ဟု(၀ါ)မှန်သည်ဟုတရားသေ
မယူဆသင့်ပါ....တက်နိုင်သလောက်တူအောင် ဖန်တီးထားခြင်းမျှသာဖြစ်ပါသည် ။
ကျွန်တော့်အနေဖြင့်ထိုကဗျာအားရေးသာရေးလိုက်ရသည် ၊ ခဲယင်းလွန်းသဖြင့်
အတော်အားထုပ်ခဲ့ရပါသည် ။ အကယ်တန္တု ပညာဥာဏ်ရင့်သူတို့ဖတ်မိခဲ့ပါက
ကျွန်တော့်အားလိုအပ်သလိုထောက်ပြပေးပါက အလွန်ကျေးဇူးတင်မိမှာပါ ။
ယ္ခုကဗျာအမျိုးအစားအား ပထဦးစွာရေးသားခြင်းဖြစ်ပါသဖြင့် ဒေါသတစ်ခုခု
သင့်ခဲ့ပါက ကျွန်တော်၏ ပညာမပြည့်ဝမှုသာဖြစ်ပါကြောင်း....လေးစားစွာ
မေတ္တာရပ်ခံပါသည် ခင်ဗျာ...။

ညီသုတ(ပြည်)
9/12/2011
07း50 am

နန်းထိုက်ပါသည့် ရွှေမြေသစ်တော

နန်းထိုက်ပါသည့်  ရွှေမြေသစ်တော
(လေးချိုးမျိုး  " မြင်းပေါ်သံ "  ကဗျာ)
         တောင်တရိုးပေါ်က ၊ ရောင်ညှိုးသစ်အင် ။
         ပီလောပီနံဘောင်တို့ ၊ မျက်တောင်ကျွတ်ချင်လု ၊ ဆန်းခုဘ၀င် ။
         တော်မ၀င်သည် ၊ ပေါ်ပင်ဒီခေတ် ၊ လော်လီနစ်၍ ၊ သစ်တို့လျှင်
တော်ဝင်နန်းထိုက်နှင့်ဝေးသေး ။
         အကြံရယ်လေညစ် ၊ မွေသိ ပြစ်ပယ် ၊ သွေလှစ်ပျယ်ငိုငို ၊ မြန်တခိုက ၊
အလို တို့နောင် ၊ ရှေးမွေကိုဆောင်ပါ့မယ် ၊ မြင်ယောင်ဖြင့်  စဉ်လာကို ၊
ရောင်ရှိန်ဝါ  မြန်ပြေကျော်မှ ၊ မှန်လှဲ့ကွဲ့လေး ။          ။
မှတ်ချက် ။        ။ ၂၀၀၇ ခုနှစ် တွင် ကချင်ပြည်နယ် ဟူးကောင်းချိုင့်ဝှမ်းမှ တနိုင်းမြို့သို့
ကားလမ်းခရီးဖြင့်သွားခဲ့စဉ်က ၊ ယုဇန ကုမ္ပဏီ မှ သစ်တောဧက (၂၀၀၀၀) ကျော်အား
ခုတ်ထွင်ရှင်းလင်း၍  ပီလောပီနံများ စိုက်ပျိုးထားသည်ကို မြင်တွေ့ခဲ့ရ၍ ခံစားရေးဖွဲ့ မိ
ပါသည် ။         ။
                          ညီသုတ(ပြည်)
                          
                           14/12/2011
                           193း0 pm

ကဗျာချစ်သူတို့၏ စည်းလုံးခြင်းပြ " သံချပ် " များ

ကဗျာဖတ်ဘို့  ရောက်လို့လာ - ကဗျာရှိရာ လာစို့- ၀င်စို့။
ကလောင်စွမ်းများ  စုံလင်စွာ - ဘုံတစ်ခွင်မှာနှံ့သိကျော်လို့ ။
ကဗျာချစ်သူ  များဗိုလ်လူ - ၀ါသနာတူ   တွေ့ရတာပဲ ။
ရှေးရေစက်ကြောင့် ဆုံရတယ် - သည်ဥယျာဉ်ဝယ် - မှေးမှိတ်ကြစို့ ။
ညီကိုမောင်ရင်း  ချစ်ကြပါ -  မေတ္တာထားတာ  ကောင်းကြတာပဲ ။
ပြစ်မြင်ထောက်ပြ  ဆုံးမရှာ - ကြီးသသူမှာ  ကျင့်ဝတ်ပါလိမ့် ။
ငယ်သူများက  ရိုသေကာ -  လောကပါလာ  ကျင့်ဝတ် ကျင့်စို့ ။
ရွယ်တူချင်း ချင်း  လေးစားပါ - ဗုဒ္ဓဘာသာ ရှေးထုံးပါဗျို့ ။
ပန်းတိုင်များနှင့်  ခေတ်သစ်ဆီ  -  တက်ပေါင်းညီညီ  လှော်စို့ - ခတ်စို့ ။
(ဟေ့ စိန်လား  -  ဟေ့  မြလား )
ဟေ့  လာ မောင်ရို့ - ၀ါး )
          သံချပ်ထိုးနည်း
အတိုင်  (တယောက်)
"ကဗျာဖတ်ဘို့  ရောက်လို့လာ "
အဖောက် (အများ )
  " ကဗျာရှိရာ  လာစို့ - ၀င်စို့ "
အတိုင် (တယောက်)
  " ကဗျာရှိရာ  လာစို့ - ၀င်စို့ "
အဖောက် (အများ)
    " ကဗျာဖတ်ဘို့ ရောက်လို့လာဗျ...."
စသည်အားဖြင့် ဆက်ဆိုပါ...
အဆုံး၌...ဟေ့လာမောင်ရို့...၀ါး ။
ညီသုတ(ပြည်)
25/12/2011
am 8;25

နား သောတ ဆင်ပါ

ကိုယ့်သေတွင်း ကိုယ်မသိသမျှ
စကားလုံးခပ်နုပ်နုပ်တွေကြား  သာယာ ။
မုသားကို ဖားလျားချထားမှလုံခြုံသူအတွက်
စကားရဲ့ ဘာသာဗေဒဟာ
ရာဇ၀င်အူပေါက်
မျက်နှာထက်က ချိုမြိန်မှုတွေက
နွေသစ်ရွက်
ခင်ဗျားရဲ့ယုံကြည်ချက်ကို
ဘယ်ဘုရားထံမှာမှ မတောင်းခံပါနဲ့ ။
ကိုယ့်မိုက်ရူးရဲအတွက်
သူများရင်ဘက်ကိုနှိုက်စားနေကြပုံများ
မမြင်ဝံ့စရာ
ဦးနှောက်တိုင်းမှာတော့ ရတနာသိုက်ပါလာပြီးသားပါ
ခင်ဗျားကိုယ် ခင်ဗျား တစ်ခါသုံးဘောပင်လို သဘောထားရင်
ကျုပ်ရင်ဘက်ကိုတော့  မငှားနိုင်သေးဘူး
ကဲ....ကျုပ်မလည်း အချိန်မရှိဘူး
မလိမ္မာတဲ့ နားတစ်စုံကိုတော့ထားလိုက်တော့
နှလုံးသားအာဟာရပြည့်မှီဘို့ရာ
ခုကစပြီး
နားစွံ့ထားလိုက်ပါ ။
ညီသုတ(ပြည်)
28/12/2011
pm-19;53

သုံးဆယ်ကျော် လူရွယ်တစ်ယောက်၏ ဘ၀တွေ့ရှိချက်

မြို့ပြယဉ်ကျေးမှုဆီ စိမ့်ဝင်ကတည်းက
ရွာရနံ့နဲ့ဝေးလွင့်
ဘ၀ဟာ အတိတ်နဲ့လေးလံနေရုံနဲ့
ဗလာနယ်ရဲ့ အလှနဲ့မနီးစပ်နိုင်ဘူး ။
ကျုပ်က ကမ္ဘာ့နိုင်ငံရေးထက်
မာသာထရီဇာကိုစိတ်ဝင်စားသူ
ကျုပ်ညီတစ်ယောက် သူ့ကိုယ်သူအဂ္ဂိရတ်ထိုးသတဲ့
ကျုပ်စဉ်းစားရင်း ၀ဲဘက်ကဦးနှောက်တစ်ခြမ်း မီးတောက်ခမန်း ။
လူဟာ ဘာမှမတက်ရင် ဘာမှလုပ်လို့မရဘူး
ကျုပ်ကိုယ်ကျုပ်ပဋိပု စ္ဆာ ဗျာကရဏ လုပ်မိတယ်
" သစ်လွင်" လို့ကျုပ်နာမည် ခေါ်တိုင်း
ပညတ်နဲ့ ဓါတ်သက် နရီစည်းဝါး လွဲချော်နေနိုင်တယ် ။
ဘာသာစကားစွဲတွေ ရှိနေသမျှ အတ္တမပြုတ်ဘူး ။
ကျုပ်ကိုယ်တိုင်အလေးလံဆုံးဝန်ထုပ်ကြီးပါ
ကျုပ်မှာသက်လုံ မပြည့်ဝတော့ ခင်ဗျားကို မချီပိုးနိုင်ပါဘူး
ဟုတ်ကဲ့...
ကိုယ့်အတ္ထုပ္ပတ္တိ ကိုယ်တိုင်ရေးလျှင်  ခင်ဗျား  မညာပါနဲ့ ။
ညီသုတ(ပြည်)
31/12/2011
pm- 17;39
pyay

ကဗျာခရီး ခြေချမိခြင်း

  "ကဗျာခရီး   ခြေချမိခြင်း "
          မည်သည့်အရာ ၊ မဆိုသာတည့်
          သူ့မှာကိုယ့်မှာ ၊ အလှသာတည့် ။
          သဘာဝလျှင်
          အလှကိုယ်စီ ၊ စွမ်းရည်ကိုယ်င
          လက်ဆောင်ငှ၏....
                                 (ဖြူတင်)
        အရာရာတိုင်းမှာ အလှကိုယ်စီ ရှိနေတယ်ဆိုရင် ကဗျာတိုင်းမှာလည်း အလှကိုယ်စီရှိနေမှာအမှန်မှာ ။
ရှေးကဗျာတွေမှာလည်း အလှရှိပါတယ် ခေတ်ကဗျာတွေမှာလည်း အလှရှိပါတယ် ။  (မင်းလှညွန်ကြူး -ကဗျာ
အလှရှာပုံတော် )
             ကျွန်တော် ဒီရက်ပိုင်းတွေမှာ ကဗျာရေးချင်နေသည့်ချဉ်ချင်းတပ်နေမိပါတယ် ။ ဘာအကြောင်းရေး
ရမည် ဘယ်လိုကဗျာမျိုးရေးရမည်မှန်းကျွန်တော် စိတ်ကူးကြည့်လို့မရပါ ၊ ရေးချင်နေတာပဲသိပါသည် ။
ထို့ကြောင့် ကဗျာတွေ လိုက်ဖတ်ကြည့်မိသည် လစဉ်ထုတ် မဂ္ဂဇင်းများမှကဗျာများဖတ်သည် အွန်လိုင်းပေါ်မှ
နာမည်ပေါက်ကဗျာဆရာတို့၏ကဗျာများဖတ်သည် ။ ကဗျာမျိုးစုံ ရသမျိုးစုံ ပုံသဏ္ဍာန်မျိုးစုံ၊   ရသမျိုးစုံကို
ရောနှောပေါင်းစပ်ထားသော ဟင်းလေးအိုး ကိုမြည်းစမ်းရသကဲ့သို့ ခံစားရပါသည် ။
            ကဗျာရေးသူရဲ့ ခံစားချက်ကို ကဗျာဖတ်သူရင်ထဲရောက်အောင် ပို့ဆောင်ရာမှာ အရေးဘာသာစကား ၊
အပြောဘာသာစကား နှစ်မျိုးဖြင့် ပို့ဆောင်ကြရပါသည် ။ ကျွန်တော်အပါအ၀င် ဒီနေ့ခေတ်ရဲ့ ကဗျာရေးသူတိုင်း
ဟာ အပြောဘာသာစကားနဲ့ စာဖတ်သူရဲ့ရင်ထဲကို ထဲထဲဝင်ဝင်ရောက်အောင် ပို့ဆောင်နေကြတာကိုတွေ့ရပါတယ် ။
အပြောဘာသာစကား ရဲ့သံစဉ်ဟာ နေ့စဉ်နေ့တိုင်း ကြားနေကြဖြစ်တဲ့ သံစဉ်တွေဖြစ်နေတော့ ကဗျာဖတ်သူနဲ့ စိမ်း
မနေတာအမှန်ပါပဲ ။ ကဗျာတစ်ပုဒ်ကို ကဗျာဖတ်သူရဲ့ ရင်ထဲကိုအရောက်ပို့ဆောင်ရာမှာ ထိုကဗျာရဲ့ ဘာသာစကား
အသံတစ်ခုတည်းနဲ့လည်းမပြည့်စုံပြန်ပါဘူး ကဗျာရေးသူရဲ့အကြောင်းအရာ ၊ ခံစားပုံ ၊ အဲ့ဒီခံစားပုံကို ကဗျာရေးသူကဖွဲ့
စည်းတင်ပြပုံ  အစရှိတဲ့ ကဗျာတစ်ပုဒ်လုံးရဲ့အနှစ်သာရဟာလဲ အရေးကြီးပါတယ် ။
             ပြောင်းလဲလာသော ခေတ်နှင့်အညီ ရေးဖွဲ့မှုပုံစံပြောင်းလဲလာကြပါသည် ၊ ခေတ်ကဗျာတစ်ပုဒ်ဟာ  လူမှုပတ်
ဝန်းကျင်ရဲ့ နိစ္စဓူဝ အငွေ့အသက်များပါသင့်ပါသည် ၊ ကဗျာတစ်ပုဒ်တွင်ပါသော အသံ ထိုအသံတို့၏ရုန်းကြွမှုအင်အား
ခေတ်၏ အငွေ့အသက် တို့ပါသော ကဗျာမျိုးသာလျှင် စာဖတ်သူအပေါ်ဆွဲဆောင်နိုင်သော အကျိုးကိုဖြစ်ထွန်းစေသော
ကဗျာဖြစ်မည်ထင်ပါသည် ။ ကဗျာတစ်ပုဒ်ဖြစ်စေ စာတစ်ပုဒ်ဖြစ်စေ စာရေးသူ(ကဗျာဆရာ)၏ စာပေသြဇာပြန့်နှံ့မှု
သည် ထိုသူရေးသော အကြောင်းအရာ အမျိုးအစား စေတနာ စသည်တို့ကိုအခြေခံသည် ။
              အွန်လိုင်းယဉ်ကျေးမှုထွန်းကားလာသော ယနေ့ခေတ်တွင် ကဗျာဖတ်သူထက် ကဗျာရေးသူပိုများလာသည်ဟု
ကျွန်တော်ထင်မြင်မိပါသည် ။ ဆိုဒ်များအတွင်း ၀င်ရောက်လာသော မန်ဘာအများစုတွင် 65%သည် ကဗျာ စိတ်ပါဝင်စား
သူများဖြစ်ကြသည်ကိုတွေ့မြင်နေရသည် ။ ထိုမန်ဘာများတွင်လည်း ကဗျာရေးသူ ၊ ဖတ်သူ ၊ ရေး ဖတ်သူ အားဖြင့် သုံး
စုကွဲပြန်သည် ။  ၄င်း အုပ်စုသုံးစုတွင် တိုင်ပင်ညှိနှိုင်းထားခြင်းမရှိသော တူညီမှုတစ်ရပ်ကိုတွေ့ရပြန်သည် ၊ ၄င်းမှာ
အချင်းချင်းအပြန်ပြန်အလှန်လှန် နားလည်မှုရှိခြင်း ၊ အားပေးကူညီခြင်း ၊ ကောင်းသည်ဆိုးသည်ဟုပြတ်သားစွာဝေဖန်
ထောက်မပြပဲ ကောင်းသည်ဟုသာချီးမွန်းနေကြခြင်း ၊ ထိုသို့ ကောင်းသည်ဟုချီးမွန်းခြင်း၌ သာယာ၍ လေ့လာမှုအားနဲ
ပြီး ကဗျာတစ်ပုဒ်ကို ထဲထဲဝင်ဝင် ဖတ်မကြည့် တွေးခေါ်မှုမပြုပဲ ကောင်းသည်ဟုသာ ကွန်မန့်ပေးခြင်း စသည့်အချက်များ
မှာ  တိုင်ပင်ထားခြင်းမရှိပဲ တူညီနေကြသည် ။
              အထက်ဖော်ပြခဲ့သော အချက်အလက်များတွင် အားပေးကူညီမှု ၊ အတူတကွနားလည်မှု တို့မှာ ကျေနပ်
ဝမ်းမြောက်စရာများဖြစ်သော်လည်း ၊ ကဗျာတစ်ပုဒ်၏ ဆိုလိုရင်းအနှစ်သာရကို မြင်အောင်ကြည့် သိအောင်မလုပ်လိုပဲ
 " သူ့ ကဗျာကွန်မန့်ပေးမှ ငါ့ကဗျာကွန့်ပြန်ပေးမည် "  ထို့ကြောင့်  ကောင်းပါတယ်ဆက်ရေးပါ ၊ ကဗျာကောင်းလေးတစ်
ပုဒ်ပါ ၊ စသည်စသည့် ကွန်မန့်များ မှာ ကဗျာရေးသူတိုင်း ဖတ်သူတိုင်၏ စာပေအဆင့်အတန်းကိုတက်ရောက်သော
လှေကားတွင်  မခိုင်မမြဲ ယိုင်လဲလဲနှင့် အထစ်ချော်နေသကဲ့သို့သာဖြစ်လိမ့်မည် ။
               ထို့ကြောင့် ကဗျာနှင့် ကဗျာအကြောင်းအရာအချက်အလက်တို့ကိုချည်းကပ်ရာတွင် ခေတ်၏အတွေးအခေါ်
ခံစားပုံအငွေ့အသက်တို့နှင့် ၊ ကဗျာသည် လူသားမျိုးနွယ်တရပ်လုံး၏ လူမှုသုခ ဒုက္ခစသည်များကို ပြောပြ(လမ်းပြ)
ပေးနိုင်သော လောကအလှဆင်သည့် စာပေရတနာတပါး ဖြစ်ပါစေကြောင်းရည်ရွယ်ချက် ထားစေလိုပါသည် ။
(မှတ်ချက် )  ကျွန်တော့်အယူအဆများ မှားယွင်းခဲ့သော် ကျွန်တော့်၌သာတာဝန်ရှိပါသောကြောင့် ကျွန်တော်နှင့်
                 လွတ်လပ်စွာ သဘောထား တစုံတစ်ရာ ကွဲလွဲနိုင်ပါသည် ။
   ကဗျာသမားများအတွက်ရည်ရွယ်သည့်အတွက်ကြောင့် ကဗျာချစ်သူတွင်တင်လိုက်ပါသည် ။ အကယ်၍
တာဝန်ခံများအနေဖြင့် ကြိုက်နှစ်သက်မှု မရှိပါက ဖျက်ပြစ်နိုင်ပါသည် ။
ညီသုတ(ပြည်)
29/4/2012
16း06
pyay
ကိုယ်ပိုင်ပို့စ်